Pages

Monday, April 11, 2011

လျှို့ဝှက်သောသော့ချက်


show details 2:53 PM (38 minutes ago)

လျှို့ဝှက်သောသော့ချက်
အခြေပြုကျမ်း
ရှင်မဿဲ ၆း၉-၁၄၊ ရှင်လုကာ ၁၁း၁-၄၊ ရောမ ၈း၂၆၊ ၁တိ ၂း၎၊ ဟေဗြဲ ၁၀း၁၇၊ ဂလာတိ ၅း၁၉-၂၁၊ ရှင်မာကု ၁၁း၂၂-၂၆။
''ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်းကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။ သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။''
ယနေ့ယုံကြည်သူများအသက်တာ၌ ပဌနာတော်နှင့်ပတ်သက်၍အယူအဆအမျိုးမျိုးဖြင့် ကွဲပြားစွာခံယူကြသည်။ အချို့က ပဌနာတော်သည် ယေရှုခရစ်တော်ကိုယ်တော်တိုင် သွန်သင်ခဲ့သောအရာ ဖြစ်သောကြောင့် ယနေ့အထိအကျုံးဝင်အရေးပါရုံမျှမက ဆုတောင်းခြင်းအဆုံး၌ ပဌနာတော်ဖြင့်အဆုံးမသတ်ပါက ဆုတောင်းချက်ကို ဘုရားသခင်က နားမညောင်းဟုပင် ယုံကြည်သောသူ အချို့ရှိကြသည်။ ကျမ်းစာကို ဖတ်ရှုဆင်ခြင်သောအခါ ကျွန်ုပ်တို့ဖတ်နေသောအကြောင်းအရာသည် မည်သည့်အချိန်တွင် မည်သူတို့ကို မည်သည့်အတွက်ကြောင့် ရေးသားထားသည်ကို ပိုင်းခြား၍ သိရန် အလွန်အရေးကြီးပါသည်။ ယေရှုခရစ်တော်က တပည့်တော်များကို သွန်သင်ခဲ့သောပဌနာတော်နှင့်ပတ်သက်၍ ပထမဦးစွာ ထိုအချိန်ကာလကို ပိုင်းခြားသိရန်လိုပါသည်။ ထိုအချိန်က ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေမခံသေးပေ။ ဆိုလိုသည်မှာ ထိုကာလသည် ပဋိညာဉ်တရားဟောင်းကာလဖြစ်သည်။ ပဌနာတော်ကို သွန်သင်ခြင်းခံရသူများမှာ ယေရှုခရစ်တော်၏ တပည့်တော်များဖြစ်ပြီး၊ တပည့်တော်များက ဆုတောင်းရန်နည်းလမ်းမသိသောကြောင့် ယောဟန်၏တပည့်များနည်းတူ ဆုတောင်းခြင်းနည်းဗျူဟာကို ယေရှုခရစ်တော်ထံတွင် တောင်းလျှောက်ခြင်းဖြစ်သည်။ (ရှင်လုကာ ၁၁း၁-၄)
(၁) အကျွန်ုပ်တို့အဘ
ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘဟု ဆုတောင်းသောအခါ ကျွန်ုပ်တို့ဘုရားသခင်သည် အလွန်ဝေးကွာသော ကောင်းကင်ဘုံ၍ရှိသောကြောင့် ဆုတောင်းသောအခါ ဘုရားသခင်မကြားမည်ကို မချင့်မရဲဖြစ်ရသည်။ ထိုအချိန်က ဘုရားသခင်၏ဝိညာဉ်တော်သည် လူတိုင်းအပေါ်သို့မသွန်းလောင်းသေးဘဲ ယေရှုခရစ်တော်ပေါ်၌သာရှိသောကြောင့် တပည့်တော်များအတွက် ဆုတောင်းသောအခါ ကောင်းကင်ဘုံကိုသာ လိပ်မူ၍ဆုတောင်းစေခြင်းဖြစ်သည်။ သို့သော် ယနေ့ ယေရှုခရစ်တော်ကိုမိမိအသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်သောသူတိုင်းအထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်တော်မူသောကြောင့် ကောင်းကင်ဘုံသို့ တကူးတကလိပ်မူရန်မလိုတော့ပေ။ ယခုကာလသည် သန့်ရှင်းသောဝိညာဉ်တော်အုပ်စိုးသော ပဋိညာဉ်သစ်ကာလဖြစ်သောကြောင့် ဆုတောင်းသောအခါ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လွယ်ကူစွာတောင်းလျှောက်နိုင်ပြီဖြစ်သည်။ (ရောမ ၈း၂၆)
(၂) နိုင်ငံတော်တည်ထောင်ခြင်း
ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ဖို့ ဆုတောင်းရန်လိုကြောင်းခရစ်တော် သွန်သင်ခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ခြင်းရှိပြီလော။ မတည်ထောင်သေးသလော မေးခွန်းထုတ်စရာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်ရန် အခြေခံအားဖြင့် (က) ဘုရင်-အုပ်စိုးသူ (ခ) နယ်မြေ (ဂ) နောက်လိုက်-တိုင်းသူပြည်သား ရှိရန်လိုအပ်သည်။ ထိုအခြေအရာ ၃ မျိုးမရှိပါက နိုင်ငံတစ်နိုင်ငံအဖြစ် မသတ်မှတ်နိုင်ပေ။ အချို့က ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ပြီးဖြစ်သောကြောင့် ဤအချက်ကိုတောင်းရန်မလိုဟု ခံယူကြသည်။ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်ဘုံ၌တည်ထောင်ခြင်းရှိပြီးဖြစ်သော်လည်း၊ လောကတွင် အာဒံပြစ်မှားသောအပြစ်ကြောင့် စာတန်လက်သို့ကျရောက်ခဲ့ရသည်။ သို့သော် ယနေ့ခရစ်တော်ကို ယုံကြည်လက်ခံသောသူများအားဖြင့် ဘုရားသခင်၏နိုင်ငံတော်နယ်နမိတ်ကို တဖြည်းဖြည်းပြန်လည်သိမ်းပိုက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ပြီးဖြစ်သော်လည်း ဆက်လက်၍တည်ထောင်နေဆဲလည်း ဖြစ်သည်။ ထို့ကြောင့် ဤအချက်မှာ ဆက်လက်လုပ်ဆောင်ရန်၊ လုပ်ဆောင်ဆဲဖြစ်သောကြောင့် ယနေ့ယုံကြည်သူများဆက်လက်ဆုတောင်းရန်ဖြစ်သည်။
(၃) အလိုတော်ပြည့်စုံခြင်း
အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။ ဘုရားသခင်၏အလိုတော် ပြည့်စုံပါပြီလော။ ဘုရားသခင်ရဲ့အလိုတော်က ဘာများလဲ။ ''လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ (၁တိ ၂း၎)'' ဘုရားသခင်၏အလိုတော်သည် မပြည့်စုံသေးပါ။ လူအချို့မဟုတ်ဘဲ လူအပေါင်းဟုဆိုထားသောကြောင့် မြောက်များစွာသောသူများပါဝင်နေသေးသည်။ အချို့သည် ကယ်တင်ခြင်းသို့ရောက်ရန် ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ကြသော်လည်း သမ္မာတရားကို စစ်မှန်စွာမသိကြဘဲရှိနေသေးသည်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်ပြည့်စုံခြင်းရှိရန်အတွက် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ရုံမျှမက ဆက်လက်ဆုတောင်းရန်လိုအပ်သည်။
(၄) အသက်မွေးလောက်သောအစာ
ယနေ့ယုံကြည်သူအများစုအသက်တာ၌ ကောင်းစားကြွယ်ဝခြင်းမရှိရခြင်းအကြောင်းအရင်းတစ်ရပ်မှာ ဤအချက်ဖြစ်သည်။ ဤနေရာတွင် အသက်မွေးလောက်သောအစာဟု ယေရှုခရစ်တော်က သွန်သင်ထားရာတွင် ကျွန်ုပ်တို့၏စဉ်းစားဥာဏ်က နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန်စားနေသော ထမင်းကြော်၊ ကြက်ဥကြော်ဟင်းလောက်ကိုသာ ပြေးမြင်ကြသည်။ ဤမျှလောက်သာ တောင်းခွင့်ရကြမည်ဆိုပါက အတော်ပင်ကပ်စေးနဲသောဘုရားကို ကျွန်ုပ်တို့ကိုးကွယ်နေခြင်းဖြစ်လိမ့်မည်။ ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို ပုံဖော်ရာ၌ ကျွန်ုပ်တို့စိတ်ကူးများဖြင့်ပင် မမီနိုင်အောင် ဘုရားသခင်ကတတ်စွမ်းနိုင်ကြောင်း ဦးစွာသိထားရန်လိုသည်။ ကျွန်ုပ်တို့အတွက် ထမင်းကြမ်းနှင့်စားရသောတစ်ရက်သည် ငွေသိန်းသန်းနှင့်စားရသောနေ့ရက်နှင့် ဘုရားသခင်ရှေ့တော်၌အတူတူဖြစ်သည်။ ဆိုလိုသည်မှာ ယနေ့အတွက်အသက်မွေးလောက်သောအစာမှာ မသေရုံတမင်စားရသောနေ့ကိုပြန်မြင်ယောင်ရန်မဟုတ်ဘဲ.. အကောင်းတကာ့ အကောင်းဆုံးအနေအထားဖြင့် ကုန်လွန်စေခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ခံစားသောနေ့ရက်ကို မြင်ယောင်ပြီး ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို နေ့စဉ်ယုံကြည်ခြင်းဖြင့်တောင်းလျှောက်ရန်ဖြစ်သည်။
ကျွန်ုပ်တို့လက်ထဲ၌ ငွေ သန်းပေါင်းများစွာ ကိုင်ခဲ့ဖူးသောနေ့သည် ကျွန်ုပ်တို့အတွက်အမှတ်တရနေ့ဖြစ်သကဲ့သို့ပင် ဘုရားသခင်သည် သူ၏ကြွယ်ဝခြင်းကို နေ့စဉ်နှင့်အမျှသုံးစွဲနေရန် အလိုရှိသောဘုရားဖြစ်သည်။ သို့သော် ကျွန်ုပ်တို့က မလောက်မငှဘဝများထဲမှ ဘုရားသခင်၏ကျွန်ုပ်တို့အပေါ်ပြုမည့်ကောင်းချီးများကို စိတ်ကူးနှင့်ပင် ရဲဝံ့စွာပုံမဖော်ရဲကြပေ။ သခင်ယေရှုက ခရစ်ဝင်ကျမ်းများထဲတွင် ''သင်ယုံကြည်သည့်အတိုင်း သင်၌ဖြစ်စေ'' ဟုမိန့်ဆိုထားသည့်အတိုင်း ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို မယုံကြည်နိုင်သေးသရွေ့လက်တွေ့ခံစားရန် လွန်စွာဝေးနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို ယုံကြည်သည့်အတိုင်း နေ့ရက်စဉ်တိုင်းအတွက် ဘုရားသခင်၏ကြွယ်ဝခြင်းကို ယုံကြည်ခြင်းအားဖြင့် သုံးစွဲနေရန်သာဖြစ်သည်။
(၅) သူတစ်ပါး၏အပြစ်ကိုလွှတ်ခြင်း
အပြစ်ခွင့်လွှတ်ခြင်းဟု ဆိုရာ၌ တေးမှတ်ထားခြင်း၊ သည်းခံထားခြင်းကို ပြောနေခြင်းမဟုတ်ကြောင်း သတိပြုရန်လိုပါသည်။ တစ်ခါတရံ သူတစ်ပါး၏အပြစ်ကိုလွှတ်လိုက်ပြီဟု ကိုယ့်ကိုကိုယ်ထင်မှတ်သော်လည်း စိတ်ထဲတွင်တေးမှတ်ထားခြင်းမျိုးဖြစ်နေတတ်သည်။ ခွင့်လွှတ်ခြင်းသည် လုံးဝမေ့ပစ်ရန်မဖြစ်နိုင်သော်လည်း မိမိအပေါ်ပြုခဲ့သောမကောင်းမှုအားလုံးအတွက် ဘယ်သောအခါမျှ ပြန်တုံ့မပြန်ရန်ဆုံးဖြတ်ခြင်းဖြစ်သည်။ သို့သော် အချို့သူများက ခွင့်လွှတ်ခြင်းကို မျက်ကွယ်ပြုခြင်း (Ignore) ဖြင့်အစားထိုးကြသည်။ လူတစ်ဦးတစ်ယောက်၏အပြစ်ကို ခွင့်လွှတ်ပါက ထိုသူကို လုံးဝမျက်ကွယ်ပြုခြင်းလည်း မဟုတ်ပေ။
ပဋိညာဉ်တရားသစ်၌ ခရစ်တော်လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ခြင်းသည် ကျွန်ုပ်အတွက်ဖြစ်သည်။ ခရစ်တော်၏ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်အတွက်ဖြစ်သည် ဟု ယုံကြည်သူများအတွက် ဘုရားသခင်ရှေ့တော်၌ သေပြစ်မရှိတော့ပေ။ ''တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။ (ဟေဗြဲ ၁၀း၁၇)'' ဘုရားသခင်က ကျွန်ုပ်တို့၏အပြစ်များကို သူ့စာရင်းထဲ၌ မမှတ်သားတော့ဟု ကျမ်းစာက ဆိုထားသည်။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့အပြစ်မရှိတော့သော်လည်း လူလူအချင်းချင်းဆက်ဆံရာတွင် ကျွန်ုပ်တို့၏သြတပ္ပစိတ် မကြည်လင်လျှင် (ဝါ) သူတစ်ပါးကို စိတ်ထဲတွင် ခွင့်မလွှတ်နိုင်ဘဲ ချည်နှောင်ထားမိလျှင် ဘုရားသခင်ကအပြစ်လွှတ်သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထံတောင်းလျှောက်သောဆုတောင်းသံများ အချည်းနှီးသက်သက်ပျောက်လွှင့်သွားလိမ့်မည်။ ထို့ကြောင့် မိမိအပေါ်မှားယွင်းခဲ့သောအခြားသူများ၏ အပြစ်ကို ခွင့်လွှတ်ရန်လိုအပ်သည်။
(၆) အပြစ်သွေးဆောင်ရာ
အပြစ်သွေးဆောင်ရာ ဟုဆိုလိုက်လျှင် မူးယစ်အရက်သေစာသောက်စားခြင်း၊ မတရားသောမေထုန်မှီဝဲခြင်း စသောအရာများလောက်ကိုသာ မျက်စိထဲပြေးမြင်ကြသည်။ သို့သော်လည်း အပြစ်သွေးဆောင်ရာဆိုသည်မှာ နေ့ရက်စဉ်တိုင်းအသက်ရှင်မှုတွင် - ''ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။ (ဂလာတိ ၅း၁၉-၂၁)''
အထက်ပါအကြောင်းအရာအားလုံးတို့သည် ဇာတိပကတိအကျင့်တည်းဟူသော အပြစ်တရားများဖြစ်သည်။ ဤအရာတို့သည် သေပြစ်တည်းဟူသော ထာဝရအသက်ဆုံးရှုံးစေနိုင်သောအရာ များမဟုတ်သော်လည်း ထိုအရာများထဲမှ တစ်ခုခုကိုပြုမိပါက မိမိ၏သြတပ္ပစိတ်(ကိုယ့်ကိုကိုယ်သိသောစိတ်) က မိမိကို အပြစ်တင်နေမည်ဖြစ်သည်။ ထို့ကြောင့် အပြစ်သွေးဆောင်ရာ၊ မကောင်းသောအမှုအရာ တည်းဟူသော ဤအရာများကိုရှောင်ရန်အတွက် မိမိအသက်တာကို နေ့စဉ်ဘုရားသခင်ထံဆက်ကပ်အပ်နှံရန်လိုသည်။ မိမိဆက်ကပ်ထားသည့်အတိုင်းလည်း အသက်ရှင်နိုင်ရန် ဘုရားသခင်ထံ ခွန်အားတောင်းခံရန်လိုသည်။ သို့မှသာ နေ့စဉ်အသက်တာ၌ မကောင်းသောအမှုအရာများနှင့်ကင်းဝေးနိုင်မည်ဖြစ်သည်။
(၇) အစိုးပိုင်သောအခွင့်
အစိုးပိုင်သောအခွင့်တည်းဟူသော အုပ်စိုးခြင်း၊ လွှမ်းမိုးခြင်းအားလုံးကို အစဉ်အမြဲ ဘုရားသခင်ကို ပေးရန်လိုအပ်သည်။ ဆိုလိုသည်မှာ. ကျွန်ုပ်တို့အသက်တာ၏ အခန်းကဏ္ဍတိုင်းတွင် ဘုရားသခင်၏အုပ်စိုးခြင်းရှိရန်လိုသည်။ ဘုရားသခင်အုပ်စိုးသောအသက်တာသည် မိမိအလိုရှိသည့်အတိုင်း အသက်ရှင်ခြင်းမဟုတ်တော့ပေ။ ဘုရားသခင်၏ဝိညာဉ်တော်တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော် ညွှန်ပြသည့်အတိုင်း အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုအခန်းကဏ္ဍတိုင်းတွင် ဘုရားသခင်ကို ဘုရင်အဖြစ်အုပ်စိုးစေနိုင်ရန်အတွက် မိမိ၏ဇာတိပကတိအကျင့်များကို ဆန့်ကျင်ပြီး ဘုရားသခင်အုပ်စိုးခြင်းအောက်၌ ကောင်းမွန်စွာအသက်ရှင်ရန်ဖြစ်သည်။
''ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့် ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကိုနေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ ထိုကြောင့် ငါဆိုသည်ကားသင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်သမျှ တို့ကိုရကြလိမ့်မည်။ သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူ မည်။ သင်တို့သည် သူ့အပြစ်ကိုမလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သင်တို့၏ အပြစ်ကိုလွှတ်တော်မမူ ဟု မိန့်တော်မူ၏။ (မာကု ၁၁း၂၂-၂၆)''
နိဂုံးချုပ်အားဖြင့်.. ကျွန်ုပ်တို့အသက်တာဟာ သူတစ်ပါးအပြစ်ကို မလွှတ်ဘူးဆိုရင် ယုံကြည်ခြင်းနဲ့ဘယ်လောက်ဘဲ ဆုတောင်းတောင်း အဲဒီဆုကပြည့်မှာမဟုတ်ပါဘူး။ ဘုရားသခင်ဆီမှာ ဆုတောင်းထားတာကြာနေပြီ၊ ဘာဖြစ်လို့ခုထိမရတာလဲ..။ ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်ရမှာက ကိုယ့်အနေနဲ့ခွင့်မလွှတ်နိုင်တဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ သားသမီး တစ်ယောက်ယောက်များ ရှိနေသလားဆိုတာ အရင်ဆန်းစစ်စေချင်ပါတယ်။ ခွင့်လွှတ်ခြင်းမှရှိရင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းနဲ့ဆုတောင်းခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်း စတဲ့အရာအားလုံးဟာ ဘုရားသခင်ရှေ့မှာ အရာမရောက်သောအရာများသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်.. စိတ်နှလုံးဖြူစင်စွာနဲ့ ဘုရားသခင်ရဲ့တတ်စွမ်းနိုင်ခြင်းနဲ့ ကြွယ်ဝခြင်းကို ယုံကြည်ခြင်းနဲ့ထုတ်ယူသုံးစွဲပြီး နေ့စဉ်အသက်တာအတွက် ဘုရားကျေးဇူးတော်ကို ချီးမွမ်းကြပါစို့...။

ဆရာအောင်မင်းထွန်း (ပြီးပြီး)
ဖူးခက်

No comments:

Post a Comment