Pages

Monday, April 11, 2011

လျှို့ဝှက်သောသော့ချက်


show details 2:53 PM (38 minutes ago)

လျှို့ဝှက်သောသော့ချက်
အခြေပြုကျမ်း
ရှင်မဿဲ ၆း၉-၁၄၊ ရှင်လုကာ ၁၁း၁-၄၊ ရောမ ၈း၂၆၊ ၁တိ ၂း၎၊ ဟေဗြဲ ၁၀း၁၇၊ ဂလာတိ ၅း၁၉-၂၁၊ ရှင်မာကု ၁၁း၂၂-၂၆။
''ထိုကြောင့် သင်တို့ဆုတောင်းရမည်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော အကျွန်ုပ်တို့အဘ၊ ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော။ နိုင်ငံတော် တည်ထောင်ပါစေသော။ အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေသော။ အသက်မွေးလောက်သောအစာကို အကျွန်ုပ်တို့အားယနေ့ပေးသနားတော်မူပါ။ သူတပါးသည် အကျွန်ုပ်တို့ကို ပြစ်မှားသောအပြစ်များကို အကျွန်ုပ်တို့သည်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်များကိုလွှတ်တော်မူပါ။ အပြစ်သွေးဆောင်ရာသို့ မလိုက်မပါစေဘဲ၊ မကောင်းသော အမှုအရာမှလည်းကယ်နှုတ်တော်မူပါ။ အစိုးပိုင်သောအခွင့်နှင့် ဘုန်းတန်ခိုးအာနုဘော်သည် ကမ္ဘာအဆက်ဆက်ကိုယ်တော်၌ရှိပါ၏။ အာမင် ဟု ဆုတောင်းကြလော့။ သင်တို့ သည် သူတပါးတို့၏ အပြစ်ကိုလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။ သင်တို့သည် သူတပါးတို့၏အပြစ်ကိုမလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။''
ယနေ့ယုံကြည်သူများအသက်တာ၌ ပဌနာတော်နှင့်ပတ်သက်၍အယူအဆအမျိုးမျိုးဖြင့် ကွဲပြားစွာခံယူကြသည်။ အချို့က ပဌနာတော်သည် ယေရှုခရစ်တော်ကိုယ်တော်တိုင် သွန်သင်ခဲ့သောအရာ ဖြစ်သောကြောင့် ယနေ့အထိအကျုံးဝင်အရေးပါရုံမျှမက ဆုတောင်းခြင်းအဆုံး၌ ပဌနာတော်ဖြင့်အဆုံးမသတ်ပါက ဆုတောင်းချက်ကို ဘုရားသခင်က နားမညောင်းဟုပင် ယုံကြည်သောသူ အချို့ရှိကြသည်။ ကျမ်းစာကို ဖတ်ရှုဆင်ခြင်သောအခါ ကျွန်ုပ်တို့ဖတ်နေသောအကြောင်းအရာသည် မည်သည့်အချိန်တွင် မည်သူတို့ကို မည်သည့်အတွက်ကြောင့် ရေးသားထားသည်ကို ပိုင်းခြား၍ သိရန် အလွန်အရေးကြီးပါသည်။ ယေရှုခရစ်တော်က တပည့်တော်များကို သွန်သင်ခဲ့သောပဌနာတော်နှင့်ပတ်သက်၍ ပထမဦးစွာ ထိုအချိန်ကာလကို ပိုင်းခြားသိရန်လိုပါသည်။ ထိုအချိန်က ယေရှုခရစ်တော်သည် ကျွန်ုပ်တို့၏အပြစ်များအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် အသေမခံသေးပေ။ ဆိုလိုသည်မှာ ထိုကာလသည် ပဋိညာဉ်တရားဟောင်းကာလဖြစ်သည်။ ပဌနာတော်ကို သွန်သင်ခြင်းခံရသူများမှာ ယေရှုခရစ်တော်၏ တပည့်တော်များဖြစ်ပြီး၊ တပည့်တော်များက ဆုတောင်းရန်နည်းလမ်းမသိသောကြောင့် ယောဟန်၏တပည့်များနည်းတူ ဆုတောင်းခြင်းနည်းဗျူဟာကို ယေရှုခရစ်တော်ထံတွင် တောင်းလျှောက်ခြင်းဖြစ်သည်။ (ရှင်လုကာ ၁၁း၁-၄)
(၁) အကျွန်ုပ်တို့အဘ
ကောင်းကင်ဘုံ၌ရှိတော်မူသော အကျွန်ုပ်တို့အဘဟု ဆုတောင်းသောအခါ ကျွန်ုပ်တို့ဘုရားသခင်သည် အလွန်ဝေးကွာသော ကောင်းကင်ဘုံ၍ရှိသောကြောင့် ဆုတောင်းသောအခါ ဘုရားသခင်မကြားမည်ကို မချင့်မရဲဖြစ်ရသည်။ ထိုအချိန်က ဘုရားသခင်၏ဝိညာဉ်တော်သည် လူတိုင်းအပေါ်သို့မသွန်းလောင်းသေးဘဲ ယေရှုခရစ်တော်ပေါ်၌သာရှိသောကြောင့် တပည့်တော်များအတွက် ဆုတောင်းသောအခါ ကောင်းကင်ဘုံကိုသာ လိပ်မူ၍ဆုတောင်းစေခြင်းဖြစ်သည်။ သို့သော် ယနေ့ ယေရှုခရစ်တော်ကိုမိမိအသက်သခင်ကယ်တင်ပိုင်ရှင်အဖြစ် လက်ခံယုံကြည်သောသူတိုင်းအထဲတွင် သန့်ရှင်းသောဝိညာဉ်တော်ကိန်းဝပ်တော်မူသောကြောင့် ကောင်းကင်ဘုံသို့ တကူးတကလိပ်မူရန်မလိုတော့ပေ။ ယခုကာလသည် သန့်ရှင်းသောဝိညာဉ်တော်အုပ်စိုးသော ပဋိညာဉ်သစ်ကာလဖြစ်သောကြောင့် ဆုတောင်းသောအခါ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် လွယ်ကူစွာတောင်းလျှောက်နိုင်ပြီဖြစ်သည်။ (ရောမ ၈း၂၆)
(၂) နိုင်ငံတော်တည်ထောင်ခြင်း
ဘုရားသခင်၏နိုင်ငံတော်တည်ထောင်ဖို့ ဆုတောင်းရန်လိုကြောင်းခရစ်တော် သွန်သင်ခဲ့သည်။ ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ခြင်းရှိပြီလော။ မတည်ထောင်သေးသလော မေးခွန်းထုတ်စရာဖြစ်သည်။ နိုင်ငံတစ်နိုင်ငံအဖြစ်ရပ်တည်ရန် အခြေခံအားဖြင့် (က) ဘုရင်-အုပ်စိုးသူ (ခ) နယ်မြေ (ဂ) နောက်လိုက်-တိုင်းသူပြည်သား ရှိရန်လိုအပ်သည်။ ထိုအခြေအရာ ၃ မျိုးမရှိပါက နိုင်ငံတစ်နိုင်ငံအဖြစ် မသတ်မှတ်နိုင်ပေ။ အချို့က ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ပြီးဖြစ်သောကြောင့် ဤအချက်ကိုတောင်းရန်မလိုဟု ခံယူကြသည်။ ဘုရားသခင်၏နိုင်ငံတော်သည် ကောင်းကင်ဘုံ၌တည်ထောင်ခြင်းရှိပြီးဖြစ်သော်လည်း၊ လောကတွင် အာဒံပြစ်မှားသောအပြစ်ကြောင့် စာတန်လက်သို့ကျရောက်ခဲ့ရသည်။ သို့သော် ယနေ့ခရစ်တော်ကို ယုံကြည်လက်ခံသောသူများအားဖြင့် ဘုရားသခင်၏နိုင်ငံတော်နယ်နမိတ်ကို တဖြည်းဖြည်းပြန်လည်သိမ်းပိုက်နေခြင်းဖြစ်သည်။ ဘုရားသခင်၏နိုင်ငံတော်သည် တည်ထောင်ပြီးဖြစ်သော်လည်း ဆက်လက်၍တည်ထောင်နေဆဲလည်း ဖြစ်သည်။ ထို့ကြောင့် ဤအချက်မှာ ဆက်လက်လုပ်ဆောင်ရန်၊ လုပ်ဆောင်ဆဲဖြစ်သောကြောင့် ယနေ့ယုံကြည်သူများဆက်လက်ဆုတောင်းရန်ဖြစ်သည်။
(၃) အလိုတော်ပြည့်စုံခြင်း
အလိုတော်သည် ကောင်းကင်ဘုံ၌ ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာပြည့်စုံပါစေသော။ ဘုရားသခင်၏အလိုတော် ပြည့်စုံပါပြီလော။ ဘုရားသခင်ရဲ့အလိုတော်က ဘာများလဲ။ ''လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရားကို သိစေခြင်းငှါ၊ ဘုရားသခင် အလိုတော်ရှိ၏။ (၁တိ ၂း၎)'' ဘုရားသခင်၏အလိုတော်သည် မပြည့်စုံသေးပါ။ လူအချို့မဟုတ်ဘဲ လူအပေါင်းဟုဆိုထားသောကြောင့် မြောက်များစွာသောသူများပါဝင်နေသေးသည်။ အချို့သည် ကယ်တင်ခြင်းသို့ရောက်ရန် ယေရှုခရစ်တော်ကိုလက်ခံယုံကြည်ကြသော်လည်း သမ္မာတရားကို စစ်မှန်စွာမသိကြဘဲရှိနေသေးသည်။ ထို့ကြောင့် ဘုရားသခင်၏အလိုတော်ပြည့်စုံခြင်းရှိရန်အတွက် ဆက်လက်လုပ်ဆောင်ရန် လိုအပ်ရုံမျှမက ဆက်လက်ဆုတောင်းရန်လိုအပ်သည်။
(၄) အသက်မွေးလောက်သောအစာ
ယနေ့ယုံကြည်သူအများစုအသက်တာ၌ ကောင်းစားကြွယ်ဝခြင်းမရှိရခြင်းအကြောင်းအရင်းတစ်ရပ်မှာ ဤအချက်ဖြစ်သည်။ ဤနေရာတွင် အသက်မွေးလောက်သောအစာဟု ယေရှုခရစ်တော်က သွန်သင်ထားရာတွင် ကျွန်ုပ်တို့၏စဉ်းစားဥာဏ်က နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန်စားနေသော ထမင်းကြော်၊ ကြက်ဥကြော်ဟင်းလောက်ကိုသာ ပြေးမြင်ကြသည်။ ဤမျှလောက်သာ တောင်းခွင့်ရကြမည်ဆိုပါက အတော်ပင်ကပ်စေးနဲသောဘုရားကို ကျွန်ုပ်တို့ကိုးကွယ်နေခြင်းဖြစ်လိမ့်မည်။ ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို ပုံဖော်ရာ၌ ကျွန်ုပ်တို့စိတ်ကူးများဖြင့်ပင် မမီနိုင်အောင် ဘုရားသခင်ကတတ်စွမ်းနိုင်ကြောင်း ဦးစွာသိထားရန်လိုသည်။ ကျွန်ုပ်တို့အတွက် ထမင်းကြမ်းနှင့်စားရသောတစ်ရက်သည် ငွေသိန်းသန်းနှင့်စားရသောနေ့ရက်နှင့် ဘုရားသခင်ရှေ့တော်၌အတူတူဖြစ်သည်။ ဆိုလိုသည်မှာ ယနေ့အတွက်အသက်မွေးလောက်သောအစာမှာ မသေရုံတမင်စားရသောနေ့ကိုပြန်မြင်ယောင်ရန်မဟုတ်ဘဲ.. အကောင်းတကာ့ အကောင်းဆုံးအနေအထားဖြင့် ကုန်လွန်စေခဲ့သော ဘုရားသခင်၏ကျေးဇူးတော်ခံစားသောနေ့ရက်ကို မြင်ယောင်ပြီး ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို နေ့စဉ်ယုံကြည်ခြင်းဖြင့်တောင်းလျှောက်ရန်ဖြစ်သည်။
ကျွန်ုပ်တို့လက်ထဲ၌ ငွေ သန်းပေါင်းများစွာ ကိုင်ခဲ့ဖူးသောနေ့သည် ကျွန်ုပ်တို့အတွက်အမှတ်တရနေ့ဖြစ်သကဲ့သို့ပင် ဘုရားသခင်သည် သူ၏ကြွယ်ဝခြင်းကို နေ့စဉ်နှင့်အမျှသုံးစွဲနေရန် အလိုရှိသောဘုရားဖြစ်သည်။ သို့သော် ကျွန်ုပ်တို့က မလောက်မငှဘဝများထဲမှ ဘုရားသခင်၏ကျွန်ုပ်တို့အပေါ်ပြုမည့်ကောင်းချီးများကို စိတ်ကူးနှင့်ပင် ရဲဝံ့စွာပုံမဖော်ရဲကြပေ။ သခင်ယေရှုက ခရစ်ဝင်ကျမ်းများထဲတွင် ''သင်ယုံကြည်သည့်အတိုင်း သင်၌ဖြစ်စေ'' ဟုမိန့်ဆိုထားသည့်အတိုင်း ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို မယုံကြည်နိုင်သေးသရွေ့လက်တွေ့ခံစားရန် လွန်စွာဝေးနေဦးမည် ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏တတ်စွမ်းနိုင်ခြင်းကို ယုံကြည်သည့်အတိုင်း နေ့ရက်စဉ်တိုင်းအတွက် ဘုရားသခင်၏ကြွယ်ဝခြင်းကို ယုံကြည်ခြင်းအားဖြင့် သုံးစွဲနေရန်သာဖြစ်သည်။
(၅) သူတစ်ပါး၏အပြစ်ကိုလွှတ်ခြင်း
အပြစ်ခွင့်လွှတ်ခြင်းဟု ဆိုရာ၌ တေးမှတ်ထားခြင်း၊ သည်းခံထားခြင်းကို ပြောနေခြင်းမဟုတ်ကြောင်း သတိပြုရန်လိုပါသည်။ တစ်ခါတရံ သူတစ်ပါး၏အပြစ်ကိုလွှတ်လိုက်ပြီဟု ကိုယ့်ကိုကိုယ်ထင်မှတ်သော်လည်း စိတ်ထဲတွင်တေးမှတ်ထားခြင်းမျိုးဖြစ်နေတတ်သည်။ ခွင့်လွှတ်ခြင်းသည် လုံးဝမေ့ပစ်ရန်မဖြစ်နိုင်သော်လည်း မိမိအပေါ်ပြုခဲ့သောမကောင်းမှုအားလုံးအတွက် ဘယ်သောအခါမျှ ပြန်တုံ့မပြန်ရန်ဆုံးဖြတ်ခြင်းဖြစ်သည်။ သို့သော် အချို့သူများက ခွင့်လွှတ်ခြင်းကို မျက်ကွယ်ပြုခြင်း (Ignore) ဖြင့်အစားထိုးကြသည်။ လူတစ်ဦးတစ်ယောက်၏အပြစ်ကို ခွင့်လွှတ်ပါက ထိုသူကို လုံးဝမျက်ကွယ်ပြုခြင်းလည်း မဟုတ်ပေ။
ပဋိညာဉ်တရားသစ်၌ ခရစ်တော်လက်ဝါးကပ်တိုင်တွင် အသေခံခဲ့ခြင်းသည် ကျွန်ုပ်အတွက်ဖြစ်သည်။ ခရစ်တော်၏ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းသည် ကျွန်ုပ်အတွက်ဖြစ်သည် ဟု ယုံကြည်သူများအတွက် ဘုရားသခင်ရှေ့တော်၌ သေပြစ်မရှိတော့ပေ။ ''တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းအမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။ (ဟေဗြဲ ၁၀း၁၇)'' ဘုရားသခင်က ကျွန်ုပ်တို့၏အပြစ်များကို သူ့စာရင်းထဲ၌ မမှတ်သားတော့ဟု ကျမ်းစာက ဆိုထားသည်။ ဘုရားသခင်ရှေ့တော်၌ ကျွန်ုပ်တို့အပြစ်မရှိတော့သော်လည်း လူလူအချင်းချင်းဆက်ဆံရာတွင် ကျွန်ုပ်တို့၏သြတပ္ပစိတ် မကြည်လင်လျှင် (ဝါ) သူတစ်ပါးကို စိတ်ထဲတွင် ခွင့်မလွှတ်နိုင်ဘဲ ချည်နှောင်ထားမိလျှင် ဘုရားသခင်ကအပြစ်လွှတ်သော်လည်း ကျွန်ုပ်တို့၏ဘုရားသခင်ထံတောင်းလျှောက်သောဆုတောင်းသံများ အချည်းနှီးသက်သက်ပျောက်လွှင့်သွားလိမ့်မည်။ ထို့ကြောင့် မိမိအပေါ်မှားယွင်းခဲ့သောအခြားသူများ၏ အပြစ်ကို ခွင့်လွှတ်ရန်လိုအပ်သည်။
(၆) အပြစ်သွေးဆောင်ရာ
အပြစ်သွေးဆောင်ရာ ဟုဆိုလိုက်လျှင် မူးယစ်အရက်သေစာသောက်စားခြင်း၊ မတရားသောမေထုန်မှီဝဲခြင်း စသောအရာများလောက်ကိုသာ မျက်စိထဲပြေးမြင်ကြသည်။ သို့သော်လည်း အပြစ်သွေးဆောင်ရာဆိုသည်မှာ နေ့ရက်စဉ်တိုင်းအသက်ရှင်မှုတွင် - ''ဇာတိပကတိအကျင့်တို့သည် ထင်ရှားကြ၏။ ထိုအကျင့်တို့မူကား၊ သူ့မယားကို ပြစ်မှားခြင်း၊ မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ အချင်းချင်းကွဲပြားခြင်း၊ သင်းခွဲခြင်း၊ သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊၊ ယစ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သောအကျင့်ကို ကျင့်သော သူတို့သည် ဘုရားသခင်၏ နိုင်ငံတော်ကို အမွေမခံရကြဟု အထက်က ငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။ (ဂလာတိ ၅း၁၉-၂၁)''
အထက်ပါအကြောင်းအရာအားလုံးတို့သည် ဇာတိပကတိအကျင့်တည်းဟူသော အပြစ်တရားများဖြစ်သည်။ ဤအရာတို့သည် သေပြစ်တည်းဟူသော ထာဝရအသက်ဆုံးရှုံးစေနိုင်သောအရာ များမဟုတ်သော်လည်း ထိုအရာများထဲမှ တစ်ခုခုကိုပြုမိပါက မိမိ၏သြတပ္ပစိတ်(ကိုယ့်ကိုကိုယ်သိသောစိတ်) က မိမိကို အပြစ်တင်နေမည်ဖြစ်သည်။ ထို့ကြောင့် အပြစ်သွေးဆောင်ရာ၊ မကောင်းသောအမှုအရာ တည်းဟူသော ဤအရာများကိုရှောင်ရန်အတွက် မိမိအသက်တာကို နေ့စဉ်ဘုရားသခင်ထံဆက်ကပ်အပ်နှံရန်လိုသည်။ မိမိဆက်ကပ်ထားသည့်အတိုင်းလည်း အသက်ရှင်နိုင်ရန် ဘုရားသခင်ထံ ခွန်အားတောင်းခံရန်လိုသည်။ သို့မှသာ နေ့စဉ်အသက်တာ၌ မကောင်းသောအမှုအရာများနှင့်ကင်းဝေးနိုင်မည်ဖြစ်သည်။
(၇) အစိုးပိုင်သောအခွင့်
အစိုးပိုင်သောအခွင့်တည်းဟူသော အုပ်စိုးခြင်း၊ လွှမ်းမိုးခြင်းအားလုံးကို အစဉ်အမြဲ ဘုရားသခင်ကို ပေးရန်လိုအပ်သည်။ ဆိုလိုသည်မှာ. ကျွန်ုပ်တို့အသက်တာ၏ အခန်းကဏ္ဍတိုင်းတွင် ဘုရားသခင်၏အုပ်စိုးခြင်းရှိရန်လိုသည်။ ဘုရားသခင်အုပ်စိုးသောအသက်တာသည် မိမိအလိုရှိသည့်အတိုင်း အသက်ရှင်ခြင်းမဟုတ်တော့ပေ။ ဘုရားသခင်၏ဝိညာဉ်တော်တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော် ညွှန်ပြသည့်အတိုင်း အသက်ရှင်လျှောက်လှမ်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုအခန်းကဏ္ဍတိုင်းတွင် ဘုရားသခင်ကို ဘုရင်အဖြစ်အုပ်စိုးစေနိုင်ရန်အတွက် မိမိ၏ဇာတိပကတိအကျင့်များကို ဆန့်ကျင်ပြီး ဘုရားသခင်အုပ်စိုးခြင်းအောက်၌ ကောင်းမွန်စွာအသက်ရှင်ရန်ဖြစ်သည်။
''ယေရှုကလည်း၊ သင်တို့သည်ဘုရားသခင်ကို ယုံကြည်ခြင်း ရှိကြလော့။ ငါအမှန်ဆိုသည်ကား၊ အကြင်သူသည် ယုံမှားသောစိတ်နှင့် ကင်း၍ မိမိဆိုသည်အတိုင်း ဖြစ်မည်ဟု ယုံကြည်လျက်၊ ထိုတောင်ကိုနေရာမှရွေ့လော့၊ ပင်လယ်၌ကျလော့ဟုဆိုလျှင်၊ ထိုသူဆိုသည်အတိုင်း ဖြစ်လိမ့်မည်။ ထိုကြောင့် ငါဆိုသည်ကားသင်တို့သည် ဆုကျေးဇူးကိုရမည်ဟု ယုံကြည်သောစိတ်နှင့် ဆုတောင်သမျှ တို့ကိုရကြလိမ့်မည်။ သင်တို့သည် ဆုတောင်းသောအခါ သူတပါး၌အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကိုလွှတ် ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူ မည်။ သင်တို့သည် သူ့အပြစ်ကိုမလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည်သင်တို့၏ အပြစ်ကိုလွှတ်တော်မမူ ဟု မိန့်တော်မူ၏။ (မာကု ၁၁း၂၂-၂၆)''
နိဂုံးချုပ်အားဖြင့်.. ကျွန်ုပ်တို့အသက်တာဟာ သူတစ်ပါးအပြစ်ကို မလွှတ်ဘူးဆိုရင် ယုံကြည်ခြင်းနဲ့ဘယ်လောက်ဘဲ ဆုတောင်းတောင်း အဲဒီဆုကပြည့်မှာမဟုတ်ပါဘူး။ ဘုရားသခင်ဆီမှာ ဆုတောင်းထားတာကြာနေပြီ၊ ဘာဖြစ်လို့ခုထိမရတာလဲ..။ ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်ရမှာက ကိုယ့်အနေနဲ့ခွင့်မလွှတ်နိုင်တဲ့ မိဘ၊ ဆွေမျိုး၊ သူငယ်ချင်း၊ အပေါင်းအသင်း၊ သားသမီး တစ်ယောက်ယောက်များ ရှိနေသလားဆိုတာ အရင်ဆန်းစစ်စေချင်ပါတယ်။ ခွင့်လွှတ်ခြင်းမှရှိရင် ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းနဲ့ဆုတောင်းခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်း စတဲ့အရာအားလုံးဟာ ဘုရားသခင်ရှေ့မှာ အရာမရောက်သောအရာများသာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်.. စိတ်နှလုံးဖြူစင်စွာနဲ့ ဘုရားသခင်ရဲ့တတ်စွမ်းနိုင်ခြင်းနဲ့ ကြွယ်ဝခြင်းကို ယုံကြည်ခြင်းနဲ့ထုတ်ယူသုံးစွဲပြီး နေ့စဉ်အသက်တာအတွက် ဘုရားကျေးဇူးတော်ကို ချီးမွမ်းကြပါစို့...။

ဆရာအောင်မင်းထွန်း (ပြီးပြီး)
ဖူးခက်

Saturday, January 29, 2011

Year of Testing and Blessing 2011


ယေရမိအနာဂတ္တိကျမ်း ၁၇း၅-၈ ထာဝရဘုရား မိန့်တော်မူသည်ကား လူကိုကိုးစား၍ သတ္တ၀ါကိုအမှီပြု သဖြင့် စိတ်နှလုံးထဲ၌ ထာဝရဘုရားထံတော်မှ ထွက်သွား သောသူသည် ကျိန်အပ် သောသူဖြစ်၏။ ထိုသူသည် လွင်ပြင်၌ ရှိသောသစ်ပင်ခြောက် ကဲ့သို့ဖြစ်၍ ကောင်းကျိုး ရောက်ကြောင်းကို မသိရ။ အဘယ်သူမျှ မနေသောဆား မြေ၊ သွေ့ခြောက်သောလွင်ပြင်၌ နေရလိမ့်မည်။ ထာဝရ ဘုရားကို ကိုးစားသောသူ၊ ထာဝရဘုရားကို မိမိကိုးစား စရာအကြောင်းဖြစ်စေသောသူသည် ကောင်းချီးမင်္ဂလာကို ခံအပ်သောသူဖြစ်၏။ ထိုသူသည်ကား ရေရှိသော အရပ်၌စိုက်၍ မြစ်နားမှာအမြစ်ဖြာသဖြင့် ပူသောအရှိန်ရောက်ကြောင်းကို မသိ၊ အရွက်မညှိုးနွမ်း၊ မိုးခေါင်သော ကာလ၌ စိုးရိမ်စရာမရှိဘဲ၊ အစဉ်အမြဲအသီးကို သီးတတ်သောအပင်နှင့်တူ၏။
၂၀၁၁ ခုနှစ်ဟာ ကြီးပွားတိုးတက်မယ့် နှစ်ကာလဖြစ်တယ်လို့ ဘုရားသခင်အသုံးပြုတဲ့ဆရာကြီးက ပြောကြပါတယ်။ ၂၀၁၁ခုနှစ်ဟာ ဘုရားသခင်ကို သင်ဘယ်လောက်အတိုင်းအတာအထိ ကိုးစားသလဲဆိုတာကို ဆန်းစစ်မယ့် နှစ်ကာလဖြစ်တယ်လို့ ပြောလိုပါတယ်.။ ဘ၀အတွက်အကောင်းဆုံးအရာတွေကို မျှော်လင့်တာ ကောင်းပါတယ်။ ဒါပေမယ့်ဘုရားသခင်အခွင့်ပေးလို့ ကြုံတွေ့ရမယ့်စစ်ဆေးမှုတစ်ချို့အတွက်လည်း ပြင်ဆင် သင့်ပါတယ်။ ဒီနှစ်သစ်ထဲမှာ ဘုရားသခင်ကိုဘယ်လောက်ထိ ယုံကြည်ကိုးစားတယ်ဆိုတာကို စစ်ဆေးပါ လိမ့်မယ်။ အခြေအနေတွေ၊ အခက်အခဲတွေ၊ ပြဿနာတွေကြုံလာရင် ဘယ်သူ့ကိုအားကိုးသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် အချိန်ကာလလည်းဖြစ်ပါတယ်။ မျက်စိနဲ့မြင်နိုင်၊ ကြုံတွေ့ဖူးတဲ့အတွေ့အကြုံ အရ ပတ်ဝန်းကျင်က ပုဂ္ဂိုလ်တစ်ဦးဦး(သို့) အရာတစ်ခုခုကိုကိုးစားနေမိပြီး ကောင်းချီးမင်္ဂလာကိုပေးပိုင်တဲ့ ဘုရားသခင်ကို မျက်ကွယ်ပြုထားမိရင်တော့ ကောင်းချီးတွေလွတ်ကုန်ပါလိမ့်မယ်။
ကမ္ဘာပေါ်မှာရှိတဲ့ပညာရှင် အများစုကတော့ ၂၀၁၁ခုနှစ်ဟာ ရုန်းကန်အားထုတ်ရမယ့် နှစ်ကာလလို့ တွက်ထားကြပါတယ်။ လူ့မျက်စိအမြင်နဲ့တွက်ချက်ကြည့်ရင်တော့ တွက်ချက်မှုတွေဟာနီးစပ်နေပါတယ်။ ယုံကြည်သူများအနေနဲ့လည်း လောကကြီးထဲမှာ အသက်ရှင်နေတဲ့အတွက် လောကသားအားလုံး ကြုံတွေ့မယ့် အရာကို ရှောင်လွှဲလို့တော့ မရနိုင်ပါဘူး။ ဒါပေမယ့်အဲဒီလိုကြုံတွေ့နေရတဲ့အချိန်မှာ ဘယ်သူ့ကို ကိုးစားနေ သလဲဆိုတာက ကိုယ့်ဘ၀ကိုအဖြေထုတ် ပေးသွားပါလိမ့်မယ်။ မျက်မြင်လူတွေကို ကိုးစားနေတာလား၊ ဒါမှမဟုတ် ဖန်ဆင်းရှင်ဘုရားသခင်ကို ကိုးစားနေတာလားဆိုတာ ဝေခွဲရမယ့်ကာလဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ကာလတွေမှာ ကိုယ့်အသက်တာကို ကိုယ်ပြန်လည် ဆန်းစစ်ကြည့်မယ်ဆိုရင် ဘာမှရေရေရာရာနဲ့ အမှုပြီးမြောက်ခဲ့တာတွေ မရှိသလောက်ပဲဖြစ်ကြမှာပါ။ တိတိကျကျဖော်ပြရလောက်အောင် ထူးခြားတဲ့ အသက်တာမျိုးဘ၀မှာ အဆင်မပြေခဲ့ဘူး။ သူများတွေကြုံသလို ကိုယ်လည်းကြုံ၊ သူများတွေကျဆင်းသလို ကိုယ်လည်းကျဆင်း၊ သူများတွေအဆင်မပြေသလို ကိုယ်လည်းအဆင်မပြေဖြစ်ခဲ့ရတာပဲ။ ဒီလိုအခြေအနေမျိုးကို နှစ်သစ်ထဲမှာ ဆက်လက်ယူဆောင်အသက်ရှင်သွားဖို့တော့ ဘုရားသခင်ရဲ့အလိုတော် မဟုတ်လောက်ပါဘူး။ ကျမ်းစာကတော့ ထာဝရဘုရားကို ကိုးစားသောသူဟာ ကောင်းချီးမင်္ဂလာကိုခံစားရမယ့်သူဖြစ်တယ်လို့ ဆိုပါတယ်။ သာမန်သူများတွေနည်းတူခံစားရမယ့် ကောင်းချီးမျိုးမဟုတ်ပါဘူး။ သူများတကာထက် ထူးခြားတဲ့ကတိတော်နဲ့ဆိုင်တဲ့ ကောင်းချီးမျိုးဖြစ်ပါတယ်။
(၁) မြစ်နား၌စိုက်သောအပင်ကဲ့သို့
မြစ်နားမှာစိုက်တဲ့အပင်လို အမြစ်ကစပြီး ရှင်သန်နေပါလိမ့်မယ်။ အချိန်တိုင်းမှာလိုအပ်တဲ့ အာဟာရ အားလုံးကို လုံလောက်စွာရတဲ့သူကဲ့သို့ ဖြစ်တယ်။ ပတ်ဝန်းကျင်မှာ ဘာတွေပဲဖြစ်ပျက်နေပါစေ၊ သူကတော့ စိမ်းလန်းစိုပြေနေမှာဖြစ်ပါတယ်။

(၂) ပူသောအရှိန်ရောက်ကြောင်းကို မသိ
ကိုယ့်အပေါ်မှာ ဘယ်လောက်ပဲပူနေပါစေ၊ သူကတော့ မမှုဘူး။ ပူလွန်းလို့ခြောက်သွေ့နေကြပေမယ့် သူကတော့ ပူနေမှန်းတောင်မသိရဘူးတဲ့။ ပတ်ဝန်းကျင်မှာ ပူပင်သောကတွေ၊ ခက်ခဲမှုတွေဘယ်လောက်ပဲ ၀န်းရံနေပါစေ ထာဝရဘုရားကို ကိုးစားတဲ့သူတွေကတော့ ဒါတွေကိုလုံးဝမခံစားရဘူး။ သူများတကာတွေ ပူနေတဲ့အချိန်မှာတောင် အေးဆေးစွာနေနိုင်မှုကို ရရှိစေပါတယ်။

(၃) အရွက်မညှိုးနွမ်း
အပင်တစ်ပင်ရဲ့သဘာဝအရ တစ်နှစ်မှာတစ်ကြိမ်လောက်တော့ အရွက်ညှိုးနွမ်းကြွေကျကြရပါတယ်။ ဒါပေမယ့် ထာဝရဘုရားကို ကိုးစားတဲ့သူတွေကတော့ သဘာဝထက်လွန်စွာ အရွက်တောင်ညှိုးနွမ်းတဲ့အခွင့်ကို ဘုရားကမပေးဘူး။ ပတ်ဝန်းကျင်မှာ မျက်နှာငယ်စရာ၊ အားငယ်စိတ်ဓာတ်ကျစရာတွေရှိနေရင်တောင် သူ့ကိုတော့ အဲဒီလိုဖြစ်ရတဲ့အခွင့်မပေးဘူး။
(၄) မိုးခေါင်ကာလ၌မစိုးရိမ်ရ
အဆိုးရွားဆုံးကာလကို ကြုံရပြီး၊ နေရာတကာမှာခြောက်သွေ့၊ ပူပြင်းငတ်ပြတ်နေတဲ့အချိန်မှာတောင် မစိုးရိမ်ရဘူး။ ပတ်ဝန်းကျင်မှာ သူများတကာတွေအသက်ဆက်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေတွေ မှာတောင် မစိုးရိမ်ပါနဲ့။ ထာဝရဘုရားက တာဝန်ယူထားပါတယ်။ သူများတကာတွေ ရုန်းကန်နေရတဲ့ကာလမှာ ကိုယ့်ကိုတော့ ငြိမ်သက်ခြင်းနဲ့ပတ်ရစ်နေတာဖြစ်ပါတယ်။
(၅) အစဉ်အမြဲသီးတတ်သောအပင်
ရာသီပေါ်သီးတဲ့အပင်မျိုးကဲ့သို့တောင် မဟုတ်ဘဲ၊ ၁၂ ရာသီအစဉ်အမြဲသီးစေမယ်လို့ ကတိပေးထား ပါတယ်။ လုပ်ဆောင်နိုင်သလောက်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ၊ ထာဝရဘုရားကို ကိုးစားနေသရွေ့ အသီးတွေက အလိုလိုသီးပွင့်လာစေမှာဖြစ်ပါတယ်။ အချိန်ရှိသမျှကာလပတ်လုံး အသက်တာမှာ အသီးသီးတဲ့အခွင့်ကို ပေးနေမှာဖြစ်တယ်။ ကောင်းချီးကို ပြတ်တောင်းပြတ်တောင်း ခံစားရမှာမဟုတ်ဘဲ ဆက်တိုက်ခံစားရတဲ့အခွင့်ကို ဘုရားသခင်ကပေးမှာဖြစ်ပါတယ်။
ကျမ်းစာကတော့ အသက်ရှင်ခြင်းနဲ့သေခြင်းကို သင့်ရှေ့မှချထားတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့က ဘာကိုရွေးချယ်မလဲ။ ကိုယ်ဆုံးဖြတ်ရွေးချယ်တဲ့အတိုင်း ဖြစ်လာမှဖြစ်လာ မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ၂၀၁၁ ခုနှစ်မှာ ထာဝရဘုရားကိုလုံးလုံးလျားလျားကိုးစားရင် ကောင်းချီးခံစားရ မှာဖြစ်ပြီး၊ လူနဲ့သက်ဆိုင်တဲ့အခြေအနေတွေကိုပဲ ဆက်လက်ကိုးစားနေမယ်ဆိုရင်တော့ ကျမ်းစာကပြောထားတဲ့ အတိုင်း ကျိန်ခြင်းအမင်္ဂလာပဲခံရမှာဖြစ်ပါတယ်။ အကောင်းဆုံးအရာကို ရွေးချယ်နိုင်ဖို့ ဘုရားသခင် အယောက်စီ တိုင်းကို စကားပြောပါစေ။
လေပြေ

Sunday, June 13, 2010

ဘ၀ဒဿနများ

အချစ်နဲ့ ပတ်သက်လာရင်

ဒီ့ထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့။ အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ။

အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ်လို့ မထင်လိုက်ပါနဲ့။ အချစ်က အသက်အရွယ်ကို စောင့်လိမ့်မှာမဟုတ်ဘူး။

အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့။ အချစ်က ကိုယ်နဲ့အတူ ရထား၊ လေယာဉ်စီးလို့ရပါတယ်။

ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့။ အသုံးမကျတဲ့လူကလွဲလို့ လုံ့လဝီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။

အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။ တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်။
ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတတ်တယ်။ လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတတ်တယ်။
ချစ်တာများရင် နှိုင်းယှဉ်မှုတွေများသွားတတ်တယ်။ နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတတ်တယ်။

အချစ်က ဝမ်းနည်းစရာကောင်းတဲ့ ဒဏ္ဍာရီပုံပြင်တစ်ပုဒ် ဖြစ်ကောင်းဖြစ်မယ်။ ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမယ့် ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာလောက် နာကျင်တာမရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် အချိန်၊ နေရာဆိုတာ အကွာအဝေးမဟုတ်ပါဘူး။ ကံအကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး။

အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။
အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။
အချစ်ကို ဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန် လှပတယ်လို့ ခံစားမိမယ်။
အထီးကျန် စိတ်လေလို့ လူတစ်ယောက်ကို မှားချစ်မိတာမျိုး မဖြစ်စေပါနဲ့။
လူတစ်ယောက်ကို မှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။
အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။

ဘဝဖော်ဆိုတာ

ဘဝဖော်ဆိုတာ ကိုယ်ကလွဲရင် ဘယ်သူကိုမှမယူဘူးဆိုတဲ့လူ မဟုတ်ပါဘူး။
ဘဝဖော်ဆိုတာ ကိုယ့်အားနည်းချက်အားလုံးကို သိသည့်တိုင် ကိုယ့်ကိုရွေးချယ်သူဖြစ်တယ်။

ဘဝဖော်ဆိုတာ ကိုယ်ကိတ်မုန့်ကြိုက်လို့ သူကိတ်မုန့်လိုက်ကြိုက်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်ကြက်ဥအကာစားပြီး သူကြက်ဥအနှစ်စားသူဖြစ်တယ်။

ဘဝဖော်ဆိုတာ မိုးချုပ်တာနဲ့ ကိုယ့်လက်ကိုဆွဲပြီး စားသောက်ဆိုင်ထဲဝင်တဲ့လူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ကိုယ်အပြန်ကိုမျှော်ပြီး ထမင်းအတူစားဖို့ စောင့်နေသူဖြစ်တယ်။

ဘဝဖော်ဆိုတာ အချစ်အကြောင်းပဲဖွဲ့နွဲ့ပြီး "ချစ်တယ်"ဆိုတဲ့စကားကို ပါးစပ်ဖျားကမချသူ မဟုတ်ဘူး။
ဘဝဖော်ဆိုတာ ဆန်၊ ဆီ၊ ဆား၊ အိုးခွက်ပန်းကန်အကြောင်း မြည်တွန်တောက်တီး ပြောတတ်တဲ့သူဖြစ်တယ်။

ပျော်ရွှင်တဲ့အိမ်ထောင်ရေးမှာ ဘဝဖော်ဆိုတာ ကိုယ်အတွက် အတိအလင်း သတ်မှတ်ထားသူဖြစ်ရုံမက ကိုယ်နဲ့အတူ အိမ်ထောင်သက်တမ်းတစ်လျှောက်မှာ အတိုင်အဖော်ညီမှု၊ ကြင်နာမှု၊ သာမန်ရိုးရှင်းမှု၊ နားလည်မှု၊ ခွင့်လွတ်မှုတွေ
မျှဝေပေးသူဖြစ်တယ်။

ဂတိနဲ့ပတ်သက်ရင်

ရှေးဂရိရာဇဝင်ပုံပြင်မှာ ချစ်သူတွေက ကိုယ်ချစ်တဲ့သူရဲ့လက်ခလယ်မှာ အချင်းချင်း
လက်စွပ်တွေဝတ်ဆင်ပေးကြတယ်။ အကြောင်းက လက်ခလယ်မှာရှိတဲ့ သွေးကြောတစ်ချောင်းက နှလုံးနဲ့တိုက်ရိုက် ဆက်သွယ်ထားလို့ဖြစ်တယ်။

ဒါကြောင့် လက်စွပ်ရဲ့အဓိပ္ပါယ်က
နှလုံးသားရဲ့ အာမခံချက်ဖြစ်တယ်။ ဒါပေမယ့် လူ့လောကမှာ ဆံဖြူသွားကျိုးတဲ့အချစ်က နည်းခဲ့ပါတယ်။ ရိုးမြေကျဆိုတဲ့ ချစ်သူတွေ ရှားခဲ့ပါတယ်။ ကိုယ်နဲ့တစ်သက်အတူနေဖို့ ရွေးခဲ့သူက ကိုယ့်အချစ်ဆုံး ဟုတ်ချင်မှလည်းဟုတ်မယ်။ ကိုယ့်အချစ်ဆုံးက ကိုယ်နဲ့တစ်သက်အတူ နေရချင်မှလည်း နေရမယ်။ တချို့ချစ်သူတွေကတော့
ဒီတစ်သက်အတူမနေရရင် နောင်ဘဝမှာနေရဖို့ တောင်းဆုပြုတတ်ကြတယ်။

အရမ်းချစ်ကြတဲ့ချစ်သူတွေ လက်ထပ်ခြင်းဆိုတဲ့တံခါးဝကို ဖြတ်ကျော်ပြီးနောက် အချင်းချင်း
တန်ဖိုးမထားကြသူတွေလည်း ရှိကြတယ်။

ဂတိသစ္စာတွေ အကြိမ်ကြိမ်ပေးစရာ မလိုပါဘူး။ ချစ်နေချိန် အတူနေချိန်မှာ တစ်ယောက်ကိုတစ်ယောက် တန်ဖိုးထားတတ်ကြမယ်၊ တစ်နေ့တာကို နောက်ဆုံးချစ်ရမယ့်ရက်လို့ သတ်မှတ်ပြီး ချစ်ကြမယ်၊ ချစ်သူလက်ကို
တင်းတင်းဆုပ်ထားမယ်၊ ရုပ်ရည်အိုမင်းသွားလည်း၊ ပါးရေတွေတွန့်သွားလည်း ကိုယ့်မှတ်ဥာဏ်ထဲမှာ ချစ်သူကိုအလှဆုံး သိမ်းထားနိုင်ခဲ့ရင် ဂတိတည်ရာရောက်ပါတယ်။

လူ့ဘဝနဲ့ ပတ်သက်ရင်

ဘဝဆိုတာ ပြဇာတ်တစ်ပုဒ်နဲ့တူတယ်။ နှစ်လရာသီတွေက အညှာတာကင်းမဲ့တယ်။ အတိတ်ကိုပြန်
မှန်းမျှော်ကြည့်တော့ လူတွေအသက်ရှင်တာက စိတ်ခံစားမှုတစ်မျိုးလို့ ဆိုနိုင်တယ်။ ဆင်းရဲတာပဲဖြစ်ဖြစ်၊
ချမ်းသာတာပဲဖြစ်ဖြစ်၊ ရယူတာပဲဖြစ်ဖြစ်၊ ဆုံးရှုံးတာပဲဖြစ်ဖြစ် အရာအားလုံးက လျှပ်တစ်ပြက်အတွင်းမှာဖြစ်ပြီး လျှပ်တစ်ပြက်အတွင်းမှာ ပျောက်သွားနိုင်တယ်။

မနေ့က၊ ဒီနေ့၊ မနက်ဖြန် ဘာနေ့ပဲဖြစ်ဖြစ် စိတ်ရွှင်လန်းတဲ့နေ့က အလှဆုံးနေ့ဖြစ်တယ်။ မိသားစုအချစ်၊ သူငယ်ချင်းအချစ်၊ ချစ်သူအချစ် ဘာအချစ်ပဲဖြစ်ဖြစ် တန်ဖိုးထားမြတ်နိုးနိုင်ရင် ခံစားချက်ကောင်းတွေပေးတယ်။

စကားတစ်ခွန်းက ဒီလိုဆိုပါတယ်။

"ပိုင်ဆိုင်ခဲ့ဖူးတာကို မမေ့နဲ့၊ လက်ရှိပိုင်ဆိုင်တာကို ပိုတန်ဖိုးထားပါ။ ကိုယ့်အတွက်
သတ်မှတ်ထားတဲ့အရာကို လက်မလွတ်နဲ့၊ ဆုံးရှုံးခဲ့ဖူးတာကို အမှတ်တရထားပါ။ လိုချင်တာကို
ရအောင်ကြိုးစားပါ။ မောပန်းလာရင် စိတ်ကို ကမ်းကပ်ဖို့ မမေ့ပါနဲ့။ ရွေးချယ်ပြီးနောက်
နောင်တမရနဲ့၊ အပင်ပန်းခံမှ ပြည့်ဝတာကို နားလည်မယ်၊ အနာခံမှ ဘဝကိုနားလည်မယ်။ စိတ်ထိခိုက်အားငယ်မိမှ ကြံ့ခိုင်တာကိုနားလည်မယ်။

လေတိုက်တဲ့မနက်ဆိုတာသလို လှပတဲ့ညနေဆည်းဆာလည်း ရှိမယ်။ ကြယ်ကြွေညတွေလည်း
ရှိနိုင်မယ်။ ဘဝဆိုတာ အပြန်မရှိတဲ့ လက်မှတ်တစ်စောင်နဲ့တူတယ်။ ဘဝဆိုတာ အစမ်းလေ့ကျင့်မှုတွေမရှိတဲ့
တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။ သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက လူ့ဘဝကို အကောင်းဆုံး
တန်ဖိုးထားနည်းပဲဖြစ်တယ်"

သူငယ်ချင်းနဲ့ပတ်သက်ရင်

တစ်နေ့မှာ သူငယ်ချင်းနဲ့ ချစ်သူထိပ်တိုက်တွေ့တော့ ချစ်သူကပြောတယ်။

"လောကကြီးမှာ ငါရှိနေပြီပဲ။ မင်းရှိဖို့ မလိုတော့ဘူး!"

ချစ်သူရဲ့အပြောကို သူငယ်ချင်းက ရယ်ပြီးပြန်ဖြေတယ်။

"ချစ်သူက လူကိုမျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီကျလာတဲ့မျက်ရည်ကို
သုတ်ပေးသူဖြစ်တယ်"

သူငယ်ချင်းဆိုတာ တစ်ခါတရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊ သင့်ကို
ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှသူ၊ သင့်ကို ပျော်ရွှင်စေချင်သူ၊
သင့်ကိုရယ်အောင် စနောက်တတ်သူဖြစ်တယ်။

သူငယ်ချင်းကြားမှာ အချင်းချင်းဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့အရာဖြစ်တယ်။
စိတ်ထိခိုက်ချိန် ကိုယ့်ကိုရင်ဖွင့်ပါ၊ နာကျင်ဝမ်းနည်းချိန် ကိုယ့်ကို မေ့မထားနဲ့။

ဖျားနာချိန် ကိုယ့်ကိုအကြောင်းကြားဖို့ သတိရပါ။
အခက်အခဲကြုံချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။
မျှော်လင့်ချက်မဲ့ချိန် အနားမှာကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။
ပျော်ရွှင်ချိန် ကိုယ့်ကိုမေ့မထားနဲ့...
သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က "ငါတို့ကသူငယ်ချင်း" ဆိုတာနဲ့တင် လုံလောက်ခဲ့ပါတယ်။

ရယ်(ပြုံး)တာနဲ့ပတ်သက်ရင်

နားလည်မှုလွဲတာနဲ့ ကြုံတဲ့အခါ ခပ်ဟဟရယ်နိုင်တာက ရည်မွန်ခြင်းတစ်မျိုးဖြစ်တယ်။
မှားယွင်းမှုနဲ့ကြုံတဲ့အခါ ခပ်ပွင့်ပွင့်ရယ်နိုင်တာက သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။
အကျိုးမဲ့စေတာနဲ့ကြုံတဲ့အခါ ခပ်ပျော်ပျော်ရယ်နိုင်တာက ရက်ရောခြင်းတစ်မျိုးဖြစ်တယ်။
ရှေ့မတိုးနောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံတဲ့အခါ ကိုယ့်ကိုယ်ကို ပြက်ချော်ချော်ရယ်နိုင်တာက အသိဥာဏ်တစ်မျိုးဖြစ်တယ်။

အပျက်အဆီး၊ ဒုက္ခနဲ့ကြုံတဲ့အခါ စိတ်အနှောင့်အရှက်ကင်းကင်း ရယ်နိုင်တာက
သဘောထားကြီးခြင်း တစ်မျိုးဖြစ်တယ်။

မထေမဲ့မြင်ပြုခံရတဲ့အခါ တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာက ကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။
အသဲကွဲတဲ့အခါ သိမ်သိမ်မွေ့မွေ့ ရယ်နိုင်တာက ချုပ်ချယ်မှုကင်းနည်းတစ်မျိုးဖြစ်တယ်။
ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်... ဘယ်လိုအကြောင်းမျိုးမှာဖြစ်ဖြစ် နေ့တိုင်းပြုံးရယ်နိုင်ဖို့ လိုအပ်ပါတယ်။

ပျော်ရွှင်ခြင်းနဲ့ ပတ်သက်ရင်

ပျော်ရွှင်ခြင်းဆိုတာ လှပတဲ့ဖန်ဂေါ်လီနဲ့တူတယ်။ ကမ္ဘာ့နေရာအနှံ့မှာ ပြန့်ကျဲနေတယ်။ အဲဒီဖန်ဂေါ်လီကို
လူတချို့က များများကောက်တွေ့တယ်။ တချို့က နည်းနည်းကောက်တွေ့တယ်။ တချို့ကလုံးဝကောက်မတွေ့ဘူး။
လက်ရှိအခြေအနေကို တန်ဖိုးထားမြတ်နိုးပါ။ စိတ်နဲ့ခံစားမျှဝေတတ်ရင်ပျော်ရွှင်ခြင်းက ကိုယ်နဲ့တစ်သက်လုံးရှိနေပါတယ်။

လူတွေက ကိုယ်ပိုင်ဆိုင်ချိန် တန်ဖိုးထားကောင်းမှန်းမသိဘဲ ဆုံးရှုံးသွားမှ နှမြောသတဖြစ်တတ်ကြတယ်။ ကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်း ဆုံးရှုံးသွားရတော့မယ်လို့ သိချိန်ရောက်မှ လက်ကမလွတ်စတမ်း ဆုပ်ကိုင်ထားချင်ကြတယ်။ အဲဒီလိုပဲ ဘဝမှာ တဇွတ်ထိုးခေါင်းမာမှုတချို့က သေဆုံးချိန်မှ လက်လွတ်ကြရတယ်။


မှတ်ချက်။ ။ ကျွန်တော်ရေးထားခြင်းမဟုတ်ပါ။ စာသားများကို သဘောကျ၍ ကူးထားခဲ့ခြင်းဖြစ်ပြီး၊ မူရင်းစာရေးသူကို ပြန်လည်ရှာဖွေသော်လည်း မတွေ့သောကြောင့် ခွင့်ပြုချက်မတောင်းဆိုမိသည်ကို နားလည်ပေးစေလိုပါသည်..။

ကျေးဇူးတင်စွာဖြင့်..

Friday, June 4, 2010

ချင်းလူမျိုးများအကြောင်းသိကောင်းစရာ (၄)

ချင်းပြည်နယ်လက်ရှိလူဦးရေ
၂၀၀၈ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်အုပ်ချုပ်ရေးနှင့် စီးပွားရေးလူမှုရေးဆိုင်ရာ ဦးစီးမှတ်စုအရ ချင်းပြည်နယ်အတွင်းမှာ နေထိုင်သူချင်းလူမျိုးစုစုပေါင်းဟာ ၄၅၆၄၀၂ ယောက်ဖြစ်ပါတယ်။ လူဦးရေ ၁ သန်း မပြောနဲ့ထက်ဝက်တောင် မပြည့်နိုင်တော့တဲ့ ချင်းပြည်နယ် ရဲ့ ၂၀၀၈ လူဦးရေစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ တီးတိန်မြို့ နယ် (၈၇၂၅၁)
၂။ တွန်းဇံမြို့ နယ် (၁၉၁၅၆)
၃။ ကျိခါးမြို့ နယ် (၁၀၃၂၀)
၎။ ဖလမ်းမြို့ နယ် (၄၄၃၅၁)
၅။ ရိဒ်ခွါဒါးမြို့ နယ် ( ၅၃၉၀)
၆။ ဟားခါးမြို့ နယ် (၄၈၇၃၁)
၇။ ထန်တလန်မြို့ နယ် (၅၁၁၆၄)
၈။ မတူပီမြို့ နယ် (၃၉၅၅၆)
၉။ ရီဇွာဆပ်မြို့ နယ် (၁၃၅၀၀)
၁၀။ မင်းတပ်မြို့ နယ် (၃၉၈၇၁)
၁၁။ ကန်ပက်လက်မြို့ နယ် (၁၉၀၄၉)
၁၂။ ပလက်ဝမြို့ နယ် (၈၀၀၆၃)
စုစုပေါင်း (၄၅၆၄၀၂)

ချင်းလူမျိုးများဟာ မိမိတို့လူမျိုးကိုချစ်သကဲ့သို့ မိမိတို့နေထိုင်ရာဇာတိဒေသကိုလည်း ချစ်ခင်ကြတဲ့လူမျိုးဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးမှု၊ စားဝတ်နေေ ရးခက်ခဲမှုနဲ့ စီးပွားရေးအခြေအနေအရ မိမိတို့ပြည်နယ်တွေကို စွန့်လွှတ်ကာ ရေကြည်ရာမြက်နုရာရှာပြီး၊ ပြည်နယ်ရဲ့ပြင်ပကို အလျှိုလျှို ထွက်ခွာသွားကြတာ.. တချို့ဆိုရင် ပြည်နယ်ပြင်ပ၊ ပြည်ပအထိတောင် ရောက်ပြီး၊ ရွာတည်နေတဲ့သူတွေ တောင်ရှိနေကြပါပြီ။
ကိုယ့်ရပ်ရွာ၊ ဒေသကိုချစ်ပါသော်လည်း စားဝတ်နေရေးအတွက် ဘ၀ပေးအခြေအနေမတူတဲ့ အတွက်ကြောင့်မို့ ကိုယ့်ဒေသကိုစွန့်ခွာ နေကြသူတွေကို နားလည်ပေးစေလိုပါတယ်။ ရိုးသား တဲ့တိုင်းရင်းသားတွေဖြစ်ပေမယ့်၊ မုသာမပါလင်္ကာမချောတဲ့နိုင်ငံမှာနေရတဲ့အတွက် သူတို့ အတွက် အသက်ဆက်ရေးခက်ခဲကြပါတယ်.။ စာရှုသူတို့ အနေနဲ့ အပြစ်တင်ဝေဖန်နေမယ့် အစား နားလည်ပေးလိုက်ဖို့အတွက် ရည်ညွှန်းရေးသား လိုက်ရပါတယ်..။
ကျေးဇူးတင်ပါတယ်..။
ကိုးကား။ ။ ချင်းမဂ္ဂဇင်း ၂၀၀၈

Monday, April 26, 2010

Wednesday, April 14, 2010

ချင်းလူမျိုးများအကြောင်းသိကောင်းစရာ (၃)

ဒုက္ခသည်များ
ချင်းတွေဘာလို့ ဒုက္ခသည်လျှောက်ကြတာလဲလို့ လူတချို့ကပြောကြပါတယ်။ သိသလောက်တော့ ဝေဖန်ကြ တယ်။ ဒါပေမယ့် သူတို့သိသလောက်နဲ့သာဆို ချင်းလူမျိုးတွေ ဒုက္ခသည်လျှောက်စရာအကြောင်းမရှိပါဘူး။ သူတို့ ပြောတာတွေထဲက မှန်တဲ့အပိုင်းတွေရှိသလို၊ သိထားတာထက်ပိုပြီး ပြင်းထန်တဲ့အပိုင်းတွေလည်း ရှိပါတယ်။ ဒီ အကြောင်းကို ပြောရရင် နည်းနည်းလေး ရှည်သွားမှာဆိုတော့ သိသင့်တဲ့အချက်လောက်ကိုပဲ ထောက်ပြချင် ပါတယ်။
ချင်းလူမျိုး
လူမျိုးတစ်မျိုးရယ်လို့ဖြစ်လာရင် ကိုယ်ပိုင်ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှုရှိမှ လူမျိုးရယ်လို့ သတ်မှတ် ပါတယ်။ ချင်းလူမျိုးများမှာ ကိုယ်ပိုင်ဘာသာစကားရှိပါတယ်။ ရှိလွန်းလို့နည်းနည်းတောင် များသွား တယ်လို့ဆိုရလောက်အောင် ကွဲပြားမှုလည်းရှိပါတယ်။ စာပေအနေနဲ့လည်း ကိုယ်ပိုင်စာပေရှိပါတယ်။ ယဉ်ကျေးမှုအားဖြင့်လည်း အခြားလူမျိုးများနဲ့ လုံးဝကွဲပြားတဲ့ ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီလို ဘာသာစကား၊ စာပေနဲ့ယဉ်ကျေးမှုရှိတဲ့လူမျိုးတိုင်းဟာ ကိုယ်ပိုင်တိုင်းနိုင်ငံအဖြစ်သီးခြားရပ်တည်နိုင်တဲ့ အနေအထားရှိကြောင်းတွေ့ရပါတယ်။
ဒါပေမယ့် ချင်းလူမျိုးများဟာ ရှေးအစဉ်အဆက်အေးချမ်းစွာနေလိုတဲ့လူမျိုးများဖြစ်ပြီး သစ္စာရှိတဲ့လူမျိုး အဖြစ်နိုင်ငံတကာက အသိအမှတ်ပြုခြင်းခံခဲ့ရတဲ့လူများဖြစ်ပါတယ်။ ဘိုးစဉ်ဘောင်ဆက် ငြိမ်းချမ်းရေးကို လိုလားပြီး ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်အောင် နေခဲ့ကြတဲ့လူမျိုးဖြစ်ပါတယ်။ (ချင်းလူမျိုးများ အကြောင်းသိကောင်းစရာ ၂ ၌ဖော်ပြပြီး) အခြေအနေအရ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း ချင်းလူမျိုးများနေထိုင်ရာဒေသတွေလည်း အင်္ဂလိပ်လက်အောက်ကို အလိုလိုကျရောက်သွားခဲ့ပါတယ်။ အဲဒီတုန်း က အင်္ဂလိပ်ကို စတင်တော်လှန်ခဲ့တဲ့ပုဂ္ဂိုလ်တွေအကြောင်းကို ပြန်လှန်လေ့လာကြည့်မယ်ဆိုရင် ဗိုလ်မင်းရောင်၊ ကြွမ်ဘိခ်စသဖြင့် တိုင်းသိပြည်သိပုဂ္ဂိုလ်တွေရှိကြသလို ဘယ်သူမှမသိဘဲ အသက်ပေးခဲ့ကြတဲ့ ချင်းတော်လှန် ရေးခေါင်းဆောင်တွေလည်း အများကြီးရှိပါသေးတယ်။ ဒီနေရာမှာ ဗိုလ်မင်းရောင်(ဗိုလ်ချုပ်အောင်ဆန်းရဲ့အဖိုး) ဟာ မြေပြန့်ချင်းဖြစ်ပါတယ်။ တောင်တန်းဒေသကို ရွှေ့ပြောင်းသွားကြတဲ့ချင်းလူမျိုးတွေထဲမှာ မပါဘဲကျန်ခဲ့တဲ့ မြေပြန့်ချင်းများဖြစ်ပါတယ်။
လွတ်လပ်ရေးတိုက်ပွဲ
မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ အင်္ဂလိပ်နဲ့ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့ အချိန်တွေမှာ ချင်းလူမျိုးများဟာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပြည်တွင်းဆူပူသောင်းကျန်းမှုတွေကို နှိမ်နင်းဖို့အတွက် တပ်မတော်ဟာ စစ်သည်အင်အားစုဆောင်းပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းကလည်း ချင်းသေနတ် ကိုင်တပ်ဆိုပြီး ရှိခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးတွေထဲက သီးသန့်လူမျိုးနဲ့တိုက်ပွဲဝင်တဲ့စစ်တပ်ဆိုလို့ ချင်းနဲ့ ကချင်ပဲရှိပါတယ်။ ဒီလိုတိုင်းပြည်အပေါ်သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ခဲ့တဲ့လူမျိုးဖြစ်ပါတယ်။ မြန်မာပြည် အချို့ဒေသတွေမှာတောင် အဲဒီအခေါ်အဝေါ်ကို မပြောင်းလဲနိုင်သေးဘဲ အရင်တုန်းကလို ချင်း(၁၊ ၂၊ ၃) စသဖြင့် အာရိုးစွဲခေါ်နေကြပါသေးတယ်။ ဥပမာ။ ကျိုင်းတုံမြို့က (၃၁၄) ခြေမြန်တပ်ဆိုရင် အရင်က ချင်းသေနတ်ကိုင် တပ်ရင်း (၄) ဖြစ်တယ်။ ချင်းတွေဟာ ချင်းတောင်ဒေသကနေ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကိုတိုက်ဖို့ အတွက် ချင်းတပ်တွေကို ရှမ်းပြည်နယ်နေရာအတော်များများမှာ တပ်ဖြန့်ခဲ့ကြတယ်။ အဲဒီတုန်းကတည်းက တိုက်ပွဲဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေကို ယခုအချိန်ထိ အဲဒီဒေသတွေမှာ ဆင်းရဲချို့တဲ့စွာတွေ့နိုင်ပါသေးတယ်။
အရင်ကဇာတ်လမ်းလေး
မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတာ လူမျိုးတိုင်းပါပဲ။ ဒါပေမယ့် သစ္စာရှိရှိတိုက်ပွဲဝင် ကြသူတွေထဲမှာတော့ ချင်းလူမျိုးများကို ပစ်ပယ်ထားလို့မရပါဘူး။ ၁၉၈၀ ကျော်ဝန်းကျင်က အဖြစ်အပျက်လေး တစ်ခုကို သတိရမိတယ်။ အိန္ဒိယဖက်က သူပုန်တွေချင်းပြည်ထဲကို ကျူးကျော်လို့ဆိုပြီး မြန်မာ့တပ်မတော်က စစ်တပ်တွေကို ချင်းပြည်ကိုပို့ခဲ့ပါသေးတယ်။ ဒါနဲ့ စစ်သားတွေဟာ ချင်းတောင်ပေါ်ကရွာတွေ (ကျွန်တော်တို့ ဒေသကရွာ)ထဲမှာ စခန်းချကြတယ်။ သူတို့ကိုယ် သူတို့ ကယ်တင်ရှင်လိုလိုဘာလိုလိုနဲ့ပေါ့။ သူတို့တည်းတဲ့အိမ် ရှင်တွေကို မချေမငံဆက်ဆံကြတယ်တဲ့။ ဒါပေမယ့် အိမ်ရှင်တွေကတော့ ကောင်းကောင်းမွန်မွန်ပဲပြုစုကြပါ တယ်။ ဒီလိုနဲ့ သူတို့ အိမ်ပေါ်ကိုတက်ပြီးကြည့်တော့ အိမ်ရဲ့ဧည့်ခန်းထဲမှာ စစ်ဗိုလ်တွေရဲ့ဓာတ်ပုံချိတ်ထားတာ တွေ့တယ်။ ဒါနဲ့အဲဒါဘယ်သူလဲဆိုပြီး မေးကြည့်တော့ အိမ်ရှင်တဲ့..။ အဲလိုအဖြစ်အပျက်လေးကြုံတော့မှ စစ်သား တွေလည်း ကောင်းကောင်းမွန်မွန်လေးလေးစားစား ပြန်လည်ဆက်ဆံကြတော့တယ်။ (ဆိုလိုတာက ချင်းတောင် မှာ စစ်မှုမထမ်းဖူးတဲ့အိမ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။ ကျွန်တော်တို့ ဒေသမှာဆိုရင် အထူးသဖြင့် ရာထူးကြီးတဲ့ စစ်မှုထမ်းတွေပိုများခဲ့တယ်။)
၁၉၈၈ နောက်ပိုင်း
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့စစ်မှုထမ်းတွေကြားထဲမှာ ချင်းအရာရှိတွေတော်တော်များ များ ရှိခဲ့ကြပါတယ်။ ဗိုလ်ချုပ်အဆင့်ထိရောက်တဲ့သူတွေ၊ နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်ဝင်တဲ့သူတွေကအစ အများ ကြီးရှိခဲ့ပါတယ်။
၁၉၈၈ အရေးအခင်းပြီးနောက်ပိုင်းလောက်ကစပြီး သိသာတဲ့ခွဲခြားမှုကို ချင်းလူမျိုးများခံစားခဲ့ရတယ်။ အရည်အချင်းရှိတဲ့သူတွေကို ရာထူးပေးဖို့ခက်နေတာတွေ၊ မလှိမ့်တစ်ပတ်နည်းနဲ့ ရာထူးဖြုတ်ချတာတွေနဲ့ အခြားမသမာမှုတွေအများကြီးနဲ့ ချင်းလူမျိုးတွေကို နှိမ်တာတွေအများကြီးပါ။
(C) သုံးလုံး
အခုနောက်ပိုင်း စစ်တပ်ထဲမှာ ချင်းလူမျိုးဆိုလို့ အရင်ကစစ်မှုထမ်းခဲ့တဲ့လူကြီးတွေရဲ့ လက်ကျန်လောက်သာ ရှိပါတော့တယ်။ အဖြစ်က ဒီလိုဗျ..
စစ်တပ်ထဲကို အရင်ကလို မျိုးချစ်စိတ်တစ်ခုတည်းနဲ့ဝင်ခွင့်မပြုတော့ဘူး။ စစ်တပ်လို့ပြောတဲ့အခါမှာ ဗိုလ်သင်တန်းတွေလည်း ပါပါတယ်။ (C)သုံးလုံးနဲ့ ငြိလို့မရပါဘူး။ အဲဒီ (C) သုံးလုံးထဲက တစ်ချက်ချက်နဲ့ညိရင် အရည်အချင်းမမီသူအဖြစ်သတ်မှတ်ပြီး စစ်တပ်ထဲကိုဝင်ခွင့်မပြုတော့ပါဘူး။ အဲဒီ (C) တွေကတော့
(၁) Christian (ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူ)
(၂) Chin (ချင်းလူမျိုးဖြစ်သူ)
(၃) C ပိုး (အသည်းရောင်အသားဝါစီပိုးရှိသူ) တွေဖြစ်ပါတယ်။
ချင်းလူမျိုးတွေထဲမှာ စီပိုး (အသည်းရောင်) မရှိရင်တောင် ချင်းလူမျိုးဖြစ်နေတဲ့အတွက်ကြောင့် အလိုလို အပယ်ခံဖြစ်ပြီးသားဖြစ်ပါတယ်။
အတိတ်ကာလကို လျစ်လျူရှုပြီး၊ လုပ်ချင်တိုင်းလုပ်ခံနေရတဲ့ ရိုးသားပြီး သစ္စာရှိခဲ့တဲ့ချင်းလူမျိုးတွေအတွက် ဘာအခွင့်အရေးမှမရှိတော့ပါဘူး။ လူမျိုးတစ်မျိုးအဖြစ်ရှိနေပေမယ့် ဒုတိယတန်းစားလူမျိုးလောက်သာသာ သူတို့ တွေထားကြပါတယ်။ တိုင်းပြည်အတွက် သေသေကြေကြေတိုက်ပွဲဝင်ဖို့ရှိတုန်းကတော့ ချင်းတွေကိုအားကို ခဲ့ကြပြီး၊ အခွင့်အရေးပေးစရာရှိလာတော့ မျက်ကွယ်ပြုထားခြင်းကို ခံနေရကြပါတယ်။ နောက်တစ်ချက်
စာပေ
အရင်တုန်းကဆိုရင် ချင်းစာပေတိမ်မြုပ်ပျောက်ကွယ်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့် ချင်းစာပေ သင်ကြားခြင်းကို မူလတန်းအဆင့်မှာ မသင်မနေရအဖြစ်ပြဌာန်းခဲ့ပါတယ် (ချင်းပြည်နယ်တွင်သာ)။ ဒါပေမယ့် အခုအချိန်မှာ ချင်းစာပေးသင်ကြားဖို့အတွက် တားမြစ်ခံရတဲ့အပြင် ကျောင်းမှာမဟုတ်ဘဲ ရွာထဲမှာတောင် ချင်းစာပေသင်ကြားခွင့်ကို ပိတ်ပင်လာကြပါတယ်။ ဒါဟာ လူမျိုးတစ်မျိုးပျောက်ကွယ်သွားဖို့ မတရားတားမြစ် ချက်ဖြစ်ပါတယ်။ ချင်းစာပေသင်ကြားဖို့အတွက် စည်းရုံးတဲ့သူတွေကိုလည်း တားမြစ်ပိတ်ပင်ပါတယ်။
ယဉ်ကျေးမှု
ချင်းတို့ရဲ့ရိုးရာပွဲတွေ၊ ချင်းအမျိုးသားနေ့တွေကအစ အရင်ကလို လွတ်လပ်စွာကျင်းပခွင့်ကို ပိတ်ပင်ထား ကြပါတယ်။ ကျင်းပခွင့်ပေးတဲ့အခါမှာလည်း မတရားပိတ်ပင်တားမြစ်ချက်များစွာနဲ့ စိတ်ကျဉ်းကြပ်စွာ ပြုလုပ်ခွင့် ပေးတယ်။ ဒီလုပ်ရပ်တွေဟာ ချင်းလူမျိုးများကို ဒုတိယတန်းစားလူမျိုးဖြစ်စေပြီး၊ သိသိသာသာချိုးနှိမ်ခြင်းဖြစ် ပါတယ်။
မြန်မာနိုင်ငံမှာနေပြီး မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် တန်းတူမရတဲ့ အချက်ကြောင့်သာ ချင်းလူမျိုးများပြည်ပထွက်ဒုက္ခသည်အဖြစ်လျှောက်ထားနေကြခြင်းဖြစ်ပါတယ်။ မည်သည့် နိုင်ငံရေးခံယူချက်၊ ဘာသာရေးခံယူချက်များကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်မရှိတဲ့ ချင်းလူမျိုးများဖြစ်သောကြောင့်သာ မိမိကို လူ့အခွင့်အရေးအပြည့်အ၀ပေးမည့်နိုင်ငံသစ်များကို ရှာဖွေထွက်ခွာ နေကြတာဖြစ်ပါတယ်။
လူတစ်ချို့ ရဲ့ထင်မြင်စွတ်စွဲသလိုမျိုး ချင်းပြည်မှာ အဓမ္မခိုင်းစေမှုမရှိဘူး၊ စစ်တပ်လည်းမရှိဘူးဆိုတာ မဟုတ်ပါဘူး။ အဓမ္မခိုင်းစေတဲ့နေရာတွေလည်းရှိပါတယ်။ စစ်တပ်လည် ရှိပါတယ်။ ဒါပေမယ့် ဒီအချက်တွေဟာ ဒုက္ခသည်တစ်ယောက်အဖြစ် အသိအမှတ်ပြုပေးနိုင်တဲ့တရားဝင်အချက်အလက်တွေဖြစ်လို့ အဲဒီကိစ္စတွေကို ယူသုံးနေကြတာပါ။ အဓိကကတော့ အထက်က ကျွန်တော်ပြောခဲ့တဲ့အတိုင်း ...
မြန်မာပြည်အတွက် ဘိုးစဉ်ဘောင်ဆက် အသက်၊ သွေး၊ ချွေးရင်းခဲ့တဲ့ သစ္စာရှိတဲ့လူမျိုးကို တန်းတူအခွင့် အရေးမပေးဘဲ ဒုတိယတန်းစားလူမျိုးအဖြစ် ခွဲခြားဆက်ဆံမှုဟာ ချင်းလူမျိုးများကို သူတို့ချစ်တဲ့မွေးဖွားရာအမိ မြေကိုစွန့်ခွာပြီး၊ ကောင်းစားတဲ့နိုင်ငံသစ်မှာ အခြေချနေထိုင်ဖို့ တွန်းအားပေးတဲ့အချက်ဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါတယ်။
ချင်းလူမျိုးများဟာ .. ဒုတိယတန်းစား လူမျိုးမဟုတ်ပါဘူး။
ချင်းလူမျိုးများဟာ.. သစ္စာရှိတဲ့လူမျိုးဖြစ်ပါတယ်။ (ယခင်က.. အခုတော့အခြေအနေအရတစ်ချို့သစ္စမရှိ)
ချင်းလူမျိုးများဟာ.. အေးချမ်းမှုကို လိုလားတဲ့လူမျိုးဖြစ်ပါတယ်။
ချင်းလူမျိုးများဟာ.. ကျေနပ်ရောင့်ရဲမှုရှိတဲ့လူမျိုးဖြစ်ပါတယ်။ (ယခင်က.. ယခုတော့မဆိုလို..)
ချင်းလူမျိုးများဘာ့ကြောင့် ဒုက္ခသည်လျှောက်ထားကြတယ်ဆိုတာကို ဒီလောက်ရှင်းပြရင် လုံလောက်မယ် ထင်ပါတယ်။ ဒီထက် ပိုပြီးရှင်းပြရင်.. လူမျိုးရေးထိခိုက်စရာတွေ၊ ပြဿနာတွေပိုများလာနိုင်တဲ့အတွက်ကြောင့် ဤမျှလောက်သာ တင်ပြပါရစေ...
ကျေးဇူးတင်စွာဖြင့်....

Sunday, April 4, 2010

သိအပ်စရာချင်းလူမျိုးများအကြောင်း (၂)

ချင်းလူမျိုးများ၏ရာဇဝင်ကိုလေ့လာကြည့်သော်

တရုတ်ဧကရာဇ်မင်း ဇား၊ ရှန်၊ ချောင်မင်းဆက်များလက်ထက်က စတင်မှတ်သားကြသည်။ ချောင် ဆိုသည့် စကားလုံးမှာ နောက်ပိုင်း ဇောင်၊ ဇို (ချင်း)၊ ရို စသဖြင့် အမျိုးမျိုးပြောင်းလဲမှတ်သားလာကြရာ၊ အမည်တစ်မျိုး၊ ဘုရင်တစ်ပါး၏အမည်၊ လူမျိုးတစ်မျိုးအဖြစ် မှတ်သားခဲ့ကြသည်။ ချောင်(ဇို)ဧကရာဇ်သည် BC1122 မှ BC256 ကာလအတွင်း အုပ်စိုးခဲ့သည်ဟု မှတ်သားခဲ့ကြသည်။ BC 11 ရောက်သောအခါ ချင်းမင်းဆက်နန်းတက်ခဲ့ပြီး တိုင်းပြည်ကို ၁၄နှစ်အုပ်ချုပ်ခဲ့သည်။ BC 207-220 အတွင်း ဟန်မင်းဆက်နန်းတက်ကာ အခြားလူမျိုးစုများကို ညှဉ်းပန်းနှိပ်စက်သောကြောင့် ချင်းလူမျိုးများမြန်မာပြည်ထဲသို့ထွက်ပြေးလာကြသည်ဟုလည်း အချို့ကမှတ်တမ်းတင်ထားသည်။ တရုတ်နိုင်ငံရှိလိုဏ်ဂူတစ်ခု၏အမည်ကိုလည်း Chou-Kou-Tien မြန်မာဂူ (ဝါ)တဲ ဆိုသည့်အဓိပ္ပါယ်နှင့်လည်းရှိသေးသည်။

Rev.Dr. JH. Cope နှင့်ဇနီးသည်တို့ ၂၁၊၁၂၊၁၉၀၃ တွင် Rev.AE.Carson နှင့်နေရာပြောင်းရန် ရောက်လာသောအခါ ၁၉၊၄၊၁၉၁၀ တွင် ဟားခါးမှတီးတိန်သို့ပြောင်းရွှေ့ပြီး နှစ်ပေါင်း (၃၀)ကြာနေထိုင်ခဲ့သည်။ Rev.Cope ချင်းလူမျိုးများသည် တိဗက်ပြည်ရှိမွန်ဂိုလူမျိုးများနှင့် ဆံပင်ပုံစံ၊ ဆံပင်ကောက်ပုံ၊ လူနေမှုပုံစံမှစ၍ သွားလာပြုမူပုံတူညီကြသည်ဟု ဆိုခဲ့ဖူးသည်။

မြန်မာပြည်အဝင်

ချင်းလူမျိုးများမရှိမီ မြန်မာပြည်ထဲတွင် () Nigrito () မွန်ခမာ () ရှမ်း-ကရင် () တိဗက်-ဗမာ လူမျိုးများ ဦးစွာအခြေချနေထိုင်ခဲ့ကြသည်။ သမိုင်းပညာရှင်ဦးဘရှင်၊ ဗိုလ်မှူးဗရှင်၊ ဒေါ်သိန်း၊ Mr.Hervey နှင့်ဒေါက်တာ တင်အောင်တို့က တိဗက်-ဗမာလူမျိုးများကို အောက်ပါအတိုင်းခွဲခြားသတ်မှတ်ခဲ့ကြသည်။

() စုလူမျိုး

ဤလူမျိုးများသည် ယူနန်ပြည်နယ်မှဆင်းသက်လာသော ဖြူလူမျိုးများဖြစ်ပြီး၊ မြန်မာပြည်တွင် ဗိဿနိုးနှင့် သရေခေတ်တရာမြို့များကို တည်ထောင်ခဲ့ကြသူများဖြစ်ကြသည်။

() ကံရံ (ကရန)

ဤလူမျိုးများသည် ဝေသာလီနှင့်မြောက်ဦးမြို့များကိုတည်ထောင်ခဲ့ကြပြီး၊ ရခိန-ရခိုင်လူမျိုးများအဖြစ်မှတ်တမ်း တင်ထားသည်။

() သက် (စက်)

ဤလူမျိုးများသည် AD1 ရာစုခန့်က Prome မှ Pasan ဒေသသို့ဆင်းလာသောလူမျိုးများအဖြစ်မှတ်တမ်းတင် ထားသည်။ သမိုင်းနှင့်လူမျိုးစုများအကြောင်းလေ့လာသူများက ချင်း၊ ကချင်၊ ကဒူး၊ ကနန်း၊ တန်ကော့၊ နာဂ စသည့်လူမျိုးများကို သက် လူမျိုးစုမှ ဆင်းသက်လာကြသည်ဟု မှတ်သားကြသည်။

BC 600

တိဗက်ဒေသ ဟိုဟစ်မြစ် (Hohit) အတိုင်းဆင်းလာကာ ဟူးကောင်းချိုင့်ဝှမ်းမှတစ်ဆင့် ချင်းတွင်းမြစ်ဝှမ်းဒေသ တွင်အခြေချနေထိုင်ကြသည်။ အချို့မှာ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဆုံရာနေရာတွင်နေထိုင်ကြကာ ယခင်က သီလဝါဒီမြစ်ဟုခေါ်သော မြစ်ကို ချင်းလူမျိုးများနေထိုင်ရာမြစ်အဖြစ် ချင်းတွင်းမြစ် (The Home of Chin)ဟု သမုတ်ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

AD 100

ချင်းလူမျိုးများသည် ပုဂံဒေသရှိ ဘုရားကြီးဟုခေါ်သောဒေသတွင် နေထိုင်ခဲ့ကြသည်။

AD 600

စစ်ကိုင်း၊ မြင်တိုင်းပင်၊ မုံရွာ၊ ဒီပဲယင်း၊ ပလိပ်စသောဒေသများတွင် နေထိုင်ခဲ့ကြသည်။

AD 835

ချင်းတွင်းမြစ်ဝှမ်းဒေသရှိ သျှိုမြို့တော် (Shou) တွင်ချင်းလူမျိုးများနေထိုင်ကာ နန်ချိုဟု တရုတ်ဘာသာဖြင့် ခေါ်ကြသည်။

AD 842

သရက်၊ အောင်လံ၊ မင်းဘူး၊ မင်းတုန်း၊ တောင်တွင်းကြီး၊ သံတွဲ၊ ပုပ္ပားတောင်ဒေသများတွင် နေထိုင်ကြသည်။

AD 849

ပုဂံ (ဖြူဂံ) (Pu Gam) ဒေသတွင် ပြောင်းရွှေ့အခြေချနေထိုင်ကြသည်။

AD 1300

မြန်မာလူမျိုးများနိုင်ငံမစတင်မီ ပတ်ဝန်းကျင်ရှိအခြားလူမျိုးစုများကို စစ်ရှုံးသောကြောင့် ချင်းလူမျိုးများသည် ရှမ်းလူမျိုးများနှင့်အတူ ပင်းယ၊ အင်းဝ၊ စစ်ကိုင်းစသောမြို့များတွင် နေထိုင်ကြသည်။

AD 1300

ရေစကြို၊ ကောလင်းနှင့်ကလေးမြို့များတွင် စတင်အခြေချနေထိုင်ကာ ၁၄၀၂-၁၄၂၃ ကာလအတွင်း ရှမ်းစော်ဘွားများ အုပ်ချုပ်သည့်အချိန်ထိ နေထိုင်ခဲ့ကြသည်။

ချင်းတောင်ဒေသသို့ပြောင်းရွှေ့ခြင်း

AD1420 ခုနှစ်မှစတင်ကာ ရှမ်းလူမျိုးများအုပ်ချုပ်မှုအောက်တွင် မနေလိုသူများက ကလေးမြို့မှတစ်ဆင့် တောင်ပေါ်ဒေသကို ပြောင်းရွှေ့နေထိုင်လာကြသည်။ AD 1650 မှ နှစ်ပေါင်း ၂၀၀-၂၅၀ ကာလအတွင်း မျိုးဆက် ()ဆက်ခန့် ချင်းတောင်ဒေသ Kawlmun Ciimnuai တွင်အခြေချခဲ့ကြသည်။ သားယောကျာင်္း တစ်ယောက်မွေးဖွားတိုင်း မျိုးရိုးတစ်ခုအဖြစ်မှတ်သားခဲ့ကြရာ ချင်း(တီးတိန်၊ တွန်းဇံ) လူမျိုးများတွင် မျိုးရိုးပေါင်း (၂၃၇)မျိုးရှိသည်။

AD 1550

Guite မျိုးရိုးမှ Pu Guimang က တီးတိန်မြို့ကို စတင်တည်ခဲ့သည်။

AD 1870

တွန်းဇံမြို့ကို တည်ခဲ့သည်။

AD 1877-78

Guite လူမျိုးစုများ မြောက်ပိုင်းဒေသသို့ ပြောင်းရွှေ့ခဲ့ကြသည်။

AD 1895

စက်တင်ဘာလတွင် ချင်းတောင်ဒေသတစ်ခုလုံး မြန်မာနိုင်ငံလက်အောက်သို့ကျရောက်ခဲ့သည်။

AD 1948

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ချင်းဝိသေသတိုင်းအဖြစ် သတ်မှတ်ခဲ့သည်။

AD 1974

ချင်းလူမျိုးများနေထိုင်ရာဒေသကို ချင်းဝိသေသတိုင်းမှ ချင်းပြည်နယ်ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

ကိုးကား- SB. Langhno (ZAM Magazine 2009)


Saturday, April 3, 2010

သိအပ်စရာချင်းလူမျိုးအကြောင်း (၁)

ဘယ်ကစ
တကယ်တော့ လူပေါင်း တစ်သန်းတောင်မပြည့်တဲ့ ချင်းလူမျိုးတွေကိုဘုရားသခင်ကပဲကောင်းချီးပေးတယ်ပဲပြောပြော၊ အခြားလူမျိုးတွေထက်တော့ သာတဲ့နေရာတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီနေ့ထိ လူမျိုးကြီး ဖြစ်မ လာတာတော့ အံ့သြစရာပါ။ ချင်းလူမျိုးတွေရဲ့ရာဇ၀င်ကိုပြန်ကြည့်တဲ့အခါမှာ ရှေးတရုတ်ပြည်ဖက်ကနေ ဆင်းသက်လာကြတယ်လို့ဆိုပါတယ်။ အတိအကျတော့ ဘယ်သူမှမခန့်မှန်းနိုင်ကြသေးပါဘူး။
ရှေးလူကြီးတွေရဲ့အဆိုအရတော့ ကချင်လူမျိုးနဲ့ချင်းလူမျိုးတွေဟာ.. ညီအစ်ကိုတွေလို့ဆိုပါတယ်။ အဲဒီညီအစ်ကို နှစ်ယောက်ဟာ မြန်မာပြည်ထဲကိုဝင်လာရင်း၊ လမ်းမှာ အကြီးဖြစ်တဲ့ကချင်ကလမ်းမှာကျန်ခဲ့ပြီး၊ ညီဖြစ်တဲ့ချင်းကတော့ လမ်းဖောက်လို့ဆက်ဆင်းလာလိုက်တာ.. ဘာသယံဇာတမှမရှိတဲ့ ချင်းတောင်ဘက်ကိုရောက်လာတယ်လို့ ပြောကြပါတယ်။ ကံမကောင်းဘူးလို့ပဲပြောရမလားမသိဘူး၊ ညီငယ်ချင်းလေးဟာ.. ခက်ခဲကြမ်းတမ်းတဲ့ချင်းတောင်တန်း ပေါ်မှာ ကြီးပြင်းလာခဲ့ပါတယ်။ အညတရချင်းလေးတစ်ယောက်ဖြစ်လို့ စာ၊ စကားကစလို့ ကိုယ်ပိုင်မရှိခဲ့ဘူးလို့လည်း ဆိုကြပါတယ်။
ဒါပေမယ့် နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ ရေခြား၊ မြေခြားက သာသနာပြုဆရာတွေရောက်လာပြီး
နောက်ပိုင်း “စာ” ဆိုတာရှိလာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) ၊ ၁၉၁၀ ခုနှစ်ကစပြီး၊ တရားဝင် ချင်းဘာသာ
စကားအဖြစ် စတင်ပေါ်ပေါက်လာပါတယ်။ ဒါ့ကြောင့် ဒီနှစ်နိုဝင်ဘာလမှာ ချင်းတောင်ဒေသတစ်နေရာမှာ ချင်းစာရာပြည့်ပွဲ ကျင်းပကြမယ်လို့လည်း သိရပါတယ်။
အခြားလူမျိုးတွေနဲ့နှိုင်းယှဉ်ရင် လူဦးရေအရေအတွက် နည်းပြီး၊ ဒေသထွက်သယံဇာတဆိုလို့ ပန်းသီးဆို
တာလောက်ပဲရှိတဲ့နေရာမှာ ကြီးပြင်းလာခဲ့ကြတဲ့ချင်းလူမျိုးများဟာ.. ယခုအချိန်မှာ မြန်မာပြည်ရဲ့ပြင်ပ အခြားဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများကို ဦးတည်နေကြပါတယ်။ ဒါဟာ မိမိတိုးတက်ရာ တိုးတက်ကြောင်းအတွက်တော့ အင်မတန် ကောင်းတဲ့အချက် (တစ်နည်းအားဖြင့်အခွင့်အရေး) လို့ခံယူကြတဲ့သူတွေဟာ ၉၉% လောက်ရှိကြပါတယ်။
သိသင့်တဲ့အချက်တစ်ချက်ကိုတော့ လျစ်လျူရှုထားကြတာတော့ ၀မ်းနည်းစရာပါ။ အဆင်ပြေမယ့်လမ်း
မြင်တိုင်း၊ ဘ၀ဟောင်းကိုမေ့လျော့ပြီး စိတ်ကြီးဝင်တတ်ကြပါတယ်။ ကိုယ့်အစွမ်းအစနဲ့ဘာမှမဟုတ်ကြပေမယ့် ဘုရား ကျေးဇူးတော်ကြောင့်အခွင့်အရေးလေးတွေရလာတဲ့အခါ အောက်ခြေလွတ်ပြီး၊ သူများတကာကို လက်ညိုးငေါက်ငေါက် ထိုးတတ်ကြပါတယ်။ ဒါတွေဟာ.. အားလုံးမဟုတ်ပေမယ့် အချို့အချို့သောသူတွေကို ဆိုလိုတာပါ။
အကြောင်းအရင်း
ချင်းလူမျိုးတွေဘာ့ကြောင့် တိုးတက်သင့်သလောက်မတိုးတက်ကြသလဲ?
ကျွန်တော် မလေးရှားရောက်တော့ သတိထားမိတာတစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာ
ပြည်မှာ ကိုယ့်မိခင်ဘာသာစကား(ချင်းစကား)တောင်ဖြောင့်အောင်မပြောတတ်တဲ့သူတွေ မလေးရှားမှာ မလေးစကားကိုတော့ ရေရေလည်လည် မွတ်နေအောင်ပြောတတ်ကြတယ်..။ အကြောင်းအရင်းကို လေ့လာကြည့်တဲ့အခါမှာ မလေးလူမျိုးတွေဟာ. သူတို့ဘာသာစကားကို ကြိုးစားပြောကြတဲ့သူတွေကို နားလည်ပေးတယ်။ စကားပြောတာမပီရင်တောင် လှောင်ရယ်တာမျိုး မလုပ်ကြဘူး။ ဒါ့ကြောင့်လည်း နိုင်ငံခြားသားတော်တော်များများဟာမလေးစကားကို ရဲရဲရင့်ရင့်ပြောလာကြတယ်။ ဒါပေမယ့် ချင်းလူမျိုးတွေကတော့ သွေးကြီးပေမယ့် လူမျိုးကြီးမဆန်တာကိုတွေ့ရပါတယ်။ ချင်းစကားကို ကြိုးစားပြောလို့မပီရင်တောင် ပြင်ပေးမယ်မရှိဘဲ၊ ၀ိုင်းဟားကြတာမျိုး၊၀ိုင်းပြီးဟာသဖောက်တာမျိုးတွေကို တွေ့ရပါတယ်။ ဒါတွေဟာတိုးတက်တဲ့လက္ခဏာ မဟုတ်ဘဲ၊ ဆုတ်ယုတ်တဲ့လက္ခဏာဖြစ်တယ်ဆိုတာကို သတိမမူမိကြပါဘူး။
ကိုယ့်ပါးစပ်က ဘယ်လောက်ပဲ “ဘုရား၊ ဘုရား” လို့အော်ပြီး၊ လူတွေရှေ့မှာရပ်နေပါစေ၊ ကိုယ်လူမျိုး
အတွက် ဘယ်လောက်ပဲကြွေးကြော်နေပါစေ။ တကယ်တော့ ကိုယ့်လူမျိုးကိုတကယ် ဆွဲတင်ချင်တဲ့စိတ်မရှိဘဲကိုယ့်လူမျိုးစုတွေကြား ထဲမှာပဲ ဗိုလ်လုပ်နေကြတာကို တွေ့နေရပါတယ်။ ဒါဟာ စိတ်မကောင်းစရာပါ။
ဒါ့ကြောင့် “ချင်းတွေအရမ်းကောင်းစားကြတာပဲလို့ လူအချို့ကပြောနေကြပေမယ့် အပြင်ပန်းအားဖြင့်
ကောင်းစားသယောင်ယောင်နဲ့ အတွင်းမှာ ပုပ်သိုးနေကြတာကို ပြသချင်တာပါ။”
ဒုတိယပိုင်း ဆက်ပါဦးမည်။