Pages

Friday, June 4, 2010

ချင်းလူမျိုးများအကြောင်းသိကောင်းစရာ (၄)

ချင်းပြည်နယ်လက်ရှိလူဦးရေ
၂၀၀၈ ခုနှစ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ချင်းပြည်နယ်အုပ်ချုပ်ရေးနှင့် စီးပွားရေးလူမှုရေးဆိုင်ရာ ဦးစီးမှတ်စုအရ ချင်းပြည်နယ်အတွင်းမှာ နေထိုင်သူချင်းလူမျိုးစုစုပေါင်းဟာ ၄၅၆၄၀၂ ယောက်ဖြစ်ပါတယ်။ လူဦးရေ ၁ သန်း မပြောနဲ့ထက်ဝက်တောင် မပြည့်နိုင်တော့တဲ့ ချင်းပြည်နယ် ရဲ့ ၂၀၀၈ လူဦးရေစာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
၁။ တီးတိန်မြို့ နယ် (၈၇၂၅၁)
၂။ တွန်းဇံမြို့ နယ် (၁၉၁၅၆)
၃။ ကျိခါးမြို့ နယ် (၁၀၃၂၀)
၎။ ဖလမ်းမြို့ နယ် (၄၄၃၅၁)
၅။ ရိဒ်ခွါဒါးမြို့ နယ် ( ၅၃၉၀)
၆။ ဟားခါးမြို့ နယ် (၄၈၇၃၁)
၇။ ထန်တလန်မြို့ နယ် (၅၁၁၆၄)
၈။ မတူပီမြို့ နယ် (၃၉၅၅၆)
၉။ ရီဇွာဆပ်မြို့ နယ် (၁၃၅၀၀)
၁၀။ မင်းတပ်မြို့ နယ် (၃၉၈၇၁)
၁၁။ ကန်ပက်လက်မြို့ နယ် (၁၉၀၄၉)
၁၂။ ပလက်ဝမြို့ နယ် (၈၀၀၆၃)
စုစုပေါင်း (၄၅၆၄၀၂)

ချင်းလူမျိုးများဟာ မိမိတို့လူမျိုးကိုချစ်သကဲ့သို့ မိမိတို့နေထိုင်ရာဇာတိဒေသကိုလည်း ချစ်ခင်ကြတဲ့လူမျိုးဖြစ်ပါတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စိုက်ပျိုးဖြစ်ထွန်းမှု နည်းပါးမှု၊ စားဝတ်နေေ ရးခက်ခဲမှုနဲ့ စီးပွားရေးအခြေအနေအရ မိမိတို့ပြည်နယ်တွေကို စွန့်လွှတ်ကာ ရေကြည်ရာမြက်နုရာရှာပြီး၊ ပြည်နယ်ရဲ့ပြင်ပကို အလျှိုလျှို ထွက်ခွာသွားကြတာ.. တချို့ဆိုရင် ပြည်နယ်ပြင်ပ၊ ပြည်ပအထိတောင် ရောက်ပြီး၊ ရွာတည်နေတဲ့သူတွေ တောင်ရှိနေကြပါပြီ။
ကိုယ့်ရပ်ရွာ၊ ဒေသကိုချစ်ပါသော်လည်း စားဝတ်နေရေးအတွက် ဘ၀ပေးအခြေအနေမတူတဲ့ အတွက်ကြောင့်မို့ ကိုယ့်ဒေသကိုစွန့်ခွာ နေကြသူတွေကို နားလည်ပေးစေလိုပါတယ်။ ရိုးသား တဲ့တိုင်းရင်းသားတွေဖြစ်ပေမယ့်၊ မုသာမပါလင်္ကာမချောတဲ့နိုင်ငံမှာနေရတဲ့အတွက် သူတို့ အတွက် အသက်ဆက်ရေးခက်ခဲကြပါတယ်.။ စာရှုသူတို့ အနေနဲ့ အပြစ်တင်ဝေဖန်နေမယ့် အစား နားလည်ပေးလိုက်ဖို့အတွက် ရည်ညွှန်းရေးသား လိုက်ရပါတယ်..။
ကျေးဇူးတင်ပါတယ်..။
ကိုးကား။ ။ ချင်းမဂ္ဂဇင်း ၂၀၀၈

Monday, April 26, 2010

Wednesday, April 14, 2010

ချင်းလူမျိုးများအကြောင်းသိကောင်းစရာ (၃)

ဒုက္ခသည်များ
ချင်းတွေဘာလို့ ဒုက္ခသည်လျှောက်ကြတာလဲလို့ လူတချို့ကပြောကြပါတယ်။ သိသလောက်တော့ ဝေဖန်ကြ တယ်။ ဒါပေမယ့် သူတို့သိသလောက်နဲ့သာဆို ချင်းလူမျိုးတွေ ဒုက္ခသည်လျှောက်စရာအကြောင်းမရှိပါဘူး။ သူတို့ ပြောတာတွေထဲက မှန်တဲ့အပိုင်းတွေရှိသလို၊ သိထားတာထက်ပိုပြီး ပြင်းထန်တဲ့အပိုင်းတွေလည်း ရှိပါတယ်။ ဒီ အကြောင်းကို ပြောရရင် နည်းနည်းလေး ရှည်သွားမှာဆိုတော့ သိသင့်တဲ့အချက်လောက်ကိုပဲ ထောက်ပြချင် ပါတယ်။
ချင်းလူမျိုး
လူမျိုးတစ်မျိုးရယ်လို့ဖြစ်လာရင် ကိုယ်ပိုင်ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှုရှိမှ လူမျိုးရယ်လို့ သတ်မှတ် ပါတယ်။ ချင်းလူမျိုးများမှာ ကိုယ်ပိုင်ဘာသာစကားရှိပါတယ်။ ရှိလွန်းလို့နည်းနည်းတောင် များသွား တယ်လို့ဆိုရလောက်အောင် ကွဲပြားမှုလည်းရှိပါတယ်။ စာပေအနေနဲ့လည်း ကိုယ်ပိုင်စာပေရှိပါတယ်။ ယဉ်ကျေးမှုအားဖြင့်လည်း အခြားလူမျိုးများနဲ့ လုံးဝကွဲပြားတဲ့ ယဉ်ကျေးမှုကို ပိုင်ဆိုင်ထားကြပါတယ်။ ဒီလို ဘာသာစကား၊ စာပေနဲ့ယဉ်ကျေးမှုရှိတဲ့လူမျိုးတိုင်းဟာ ကိုယ်ပိုင်တိုင်းနိုင်ငံအဖြစ်သီးခြားရပ်တည်နိုင်တဲ့ အနေအထားရှိကြောင်းတွေ့ရပါတယ်။
ဒါပေမယ့် ချင်းလူမျိုးများဟာ ရှေးအစဉ်အဆက်အေးချမ်းစွာနေလိုတဲ့လူမျိုးများဖြစ်ပြီး သစ္စာရှိတဲ့လူမျိုး အဖြစ်နိုင်ငံတကာက အသိအမှတ်ပြုခြင်းခံခဲ့ရတဲ့လူများဖြစ်ပါတယ်။ ဘိုးစဉ်ဘောင်ဆက် ငြိမ်းချမ်းရေးကို လိုလားပြီး ပတ်ဝန်းကျင်နဲ့လည်း သဟဇာတဖြစ်အောင် နေခဲ့ကြတဲ့လူမျိုးဖြစ်ပါတယ်။ (ချင်းလူမျိုးများ အကြောင်းသိကောင်းစရာ ၂ ၌ဖော်ပြပြီး) အခြေအနေအရ မြန်မာနိုင်ငံကို အင်္ဂလိပ်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း ချင်းလူမျိုးများနေထိုင်ရာဒေသတွေလည်း အင်္ဂလိပ်လက်အောက်ကို အလိုလိုကျရောက်သွားခဲ့ပါတယ်။ အဲဒီတုန်း က အင်္ဂလိပ်ကို စတင်တော်လှန်ခဲ့တဲ့ပုဂ္ဂိုလ်တွေအကြောင်းကို ပြန်လှန်လေ့လာကြည့်မယ်ဆိုရင် ဗိုလ်မင်းရောင်၊ ကြွမ်ဘိခ်စသဖြင့် တိုင်းသိပြည်သိပုဂ္ဂိုလ်တွေရှိကြသလို ဘယ်သူမှမသိဘဲ အသက်ပေးခဲ့ကြတဲ့ ချင်းတော်လှန် ရေးခေါင်းဆောင်တွေလည်း အများကြီးရှိပါသေးတယ်။ ဒီနေရာမှာ ဗိုလ်မင်းရောင်(ဗိုလ်ချုပ်အောင်ဆန်းရဲ့အဖိုး) ဟာ မြေပြန့်ချင်းဖြစ်ပါတယ်။ တောင်တန်းဒေသကို ရွှေ့ပြောင်းသွားကြတဲ့ချင်းလူမျိုးတွေထဲမှာ မပါဘဲကျန်ခဲ့တဲ့ မြေပြန့်ချင်းများဖြစ်ပါတယ်။
လွတ်လပ်ရေးတိုက်ပွဲ
မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်တဲ့နေရာမှာ အင်္ဂလိပ်နဲ့ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့ အချိန်တွေမှာ ချင်းလူမျိုးများဟာ ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်းမှာ ပြည်တွင်းဆူပူသောင်းကျန်းမှုတွေကို နှိမ်နင်းဖို့အတွက် တပ်မတော်ဟာ စစ်သည်အင်အားစုဆောင်းပြီး တိုက်ပွဲဝင်ခဲ့ကြတယ်။ အဲဒီအချိန်တုန်းကလည်း ချင်းသေနတ် ကိုင်တပ်ဆိုပြီး ရှိခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးတွေထဲက သီးသန့်လူမျိုးနဲ့တိုက်ပွဲဝင်တဲ့စစ်တပ်ဆိုလို့ ချင်းနဲ့ ကချင်ပဲရှိပါတယ်။ ဒီလိုတိုင်းပြည်အပေါ်သစ္စာရှိရှိ ကာကွယ်စောင့်ရှောက်ခဲ့တဲ့လူမျိုးဖြစ်ပါတယ်။ မြန်မာပြည် အချို့ဒေသတွေမှာတောင် အဲဒီအခေါ်အဝေါ်ကို မပြောင်းလဲနိုင်သေးဘဲ အရင်တုန်းကလို ချင်း(၁၊ ၂၊ ၃) စသဖြင့် အာရိုးစွဲခေါ်နေကြပါသေးတယ်။ ဥပမာ။ ကျိုင်းတုံမြို့က (၃၁၄) ခြေမြန်တပ်ဆိုရင် အရင်က ချင်းသေနတ်ကိုင် တပ်ရင်း (၄) ဖြစ်တယ်။ ချင်းတွေဟာ ချင်းတောင်ဒေသကနေ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကိုတိုက်ဖို့ အတွက် ချင်းတပ်တွေကို ရှမ်းပြည်နယ်နေရာအတော်များများမှာ တပ်ဖြန့်ခဲ့ကြတယ်။ အဲဒီတုန်းကတည်းက တိုက်ပွဲဝင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းတွေကို ယခုအချိန်ထိ အဲဒီဒေသတွေမှာ ဆင်းရဲချို့တဲ့စွာတွေ့နိုင်ပါသေးတယ်။
အရင်ကဇာတ်လမ်းလေး
မြန်မာပြည်လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြတာ လူမျိုးတိုင်းပါပဲ။ ဒါပေမယ့် သစ္စာရှိရှိတိုက်ပွဲဝင် ကြသူတွေထဲမှာတော့ ချင်းလူမျိုးများကို ပစ်ပယ်ထားလို့မရပါဘူး။ ၁၉၈၀ ကျော်ဝန်းကျင်က အဖြစ်အပျက်လေး တစ်ခုကို သတိရမိတယ်။ အိန္ဒိယဖက်က သူပုန်တွေချင်းပြည်ထဲကို ကျူးကျော်လို့ဆိုပြီး မြန်မာ့တပ်မတော်က စစ်တပ်တွေကို ချင်းပြည်ကိုပို့ခဲ့ပါသေးတယ်။ ဒါနဲ့ စစ်သားတွေဟာ ချင်းတောင်ပေါ်ကရွာတွေ (ကျွန်တော်တို့ ဒေသကရွာ)ထဲမှာ စခန်းချကြတယ်။ သူတို့ကိုယ် သူတို့ ကယ်တင်ရှင်လိုလိုဘာလိုလိုနဲ့ပေါ့။ သူတို့တည်းတဲ့အိမ် ရှင်တွေကို မချေမငံဆက်ဆံကြတယ်တဲ့။ ဒါပေမယ့် အိမ်ရှင်တွေကတော့ ကောင်းကောင်းမွန်မွန်ပဲပြုစုကြပါ တယ်။ ဒီလိုနဲ့ သူတို့ အိမ်ပေါ်ကိုတက်ပြီးကြည့်တော့ အိမ်ရဲ့ဧည့်ခန်းထဲမှာ စစ်ဗိုလ်တွေရဲ့ဓာတ်ပုံချိတ်ထားတာ တွေ့တယ်။ ဒါနဲ့အဲဒါဘယ်သူလဲဆိုပြီး မေးကြည့်တော့ အိမ်ရှင်တဲ့..။ အဲလိုအဖြစ်အပျက်လေးကြုံတော့မှ စစ်သား တွေလည်း ကောင်းကောင်းမွန်မွန်လေးလေးစားစား ပြန်လည်ဆက်ဆံကြတော့တယ်။ (ဆိုလိုတာက ချင်းတောင် မှာ စစ်မှုမထမ်းဖူးတဲ့အိမ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။ ကျွန်တော်တို့ ဒေသမှာဆိုရင် အထူးသဖြင့် ရာထူးကြီးတဲ့ စစ်မှုထမ်းတွေပိုများခဲ့တယ်။)
၁၉၈၈ နောက်ပိုင်း
လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့စစ်မှုထမ်းတွေကြားထဲမှာ ချင်းအရာရှိတွေတော်တော်များ များ ရှိခဲ့ကြပါတယ်။ ဗိုလ်ချုပ်အဆင့်ထိရောက်တဲ့သူတွေ၊ နိုင်ငံ့ဂုဏ်ရည်ပထမအဆင့်ဝင်တဲ့သူတွေကအစ အများ ကြီးရှိခဲ့ပါတယ်။
၁၉၈၈ အရေးအခင်းပြီးနောက်ပိုင်းလောက်ကစပြီး သိသာတဲ့ခွဲခြားမှုကို ချင်းလူမျိုးများခံစားခဲ့ရတယ်။ အရည်အချင်းရှိတဲ့သူတွေကို ရာထူးပေးဖို့ခက်နေတာတွေ၊ မလှိမ့်တစ်ပတ်နည်းနဲ့ ရာထူးဖြုတ်ချတာတွေနဲ့ အခြားမသမာမှုတွေအများကြီးနဲ့ ချင်းလူမျိုးတွေကို နှိမ်တာတွေအများကြီးပါ။
(C) သုံးလုံး
အခုနောက်ပိုင်း စစ်တပ်ထဲမှာ ချင်းလူမျိုးဆိုလို့ အရင်ကစစ်မှုထမ်းခဲ့တဲ့လူကြီးတွေရဲ့ လက်ကျန်လောက်သာ ရှိပါတော့တယ်။ အဖြစ်က ဒီလိုဗျ..
စစ်တပ်ထဲကို အရင်ကလို မျိုးချစ်စိတ်တစ်ခုတည်းနဲ့ဝင်ခွင့်မပြုတော့ဘူး။ စစ်တပ်လို့ပြောတဲ့အခါမှာ ဗိုလ်သင်တန်းတွေလည်း ပါပါတယ်။ (C)သုံးလုံးနဲ့ ငြိလို့မရပါဘူး။ အဲဒီ (C) သုံးလုံးထဲက တစ်ချက်ချက်နဲ့ညိရင် အရည်အချင်းမမီသူအဖြစ်သတ်မှတ်ပြီး စစ်တပ်ထဲကိုဝင်ခွင့်မပြုတော့ပါဘူး။ အဲဒီ (C) တွေကတော့
(၁) Christian (ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူ)
(၂) Chin (ချင်းလူမျိုးဖြစ်သူ)
(၃) C ပိုး (အသည်းရောင်အသားဝါစီပိုးရှိသူ) တွေဖြစ်ပါတယ်။
ချင်းလူမျိုးတွေထဲမှာ စီပိုး (အသည်းရောင်) မရှိရင်တောင် ချင်းလူမျိုးဖြစ်နေတဲ့အတွက်ကြောင့် အလိုလို အပယ်ခံဖြစ်ပြီးသားဖြစ်ပါတယ်။
အတိတ်ကာလကို လျစ်လျူရှုပြီး၊ လုပ်ချင်တိုင်းလုပ်ခံနေရတဲ့ ရိုးသားပြီး သစ္စာရှိခဲ့တဲ့ချင်းလူမျိုးတွေအတွက် ဘာအခွင့်အရေးမှမရှိတော့ပါဘူး။ လူမျိုးတစ်မျိုးအဖြစ်ရှိနေပေမယ့် ဒုတိယတန်းစားလူမျိုးလောက်သာသာ သူတို့ တွေထားကြပါတယ်။ တိုင်းပြည်အတွက် သေသေကြေကြေတိုက်ပွဲဝင်ဖို့ရှိတုန်းကတော့ ချင်းတွေကိုအားကို ခဲ့ကြပြီး၊ အခွင့်အရေးပေးစရာရှိလာတော့ မျက်ကွယ်ပြုထားခြင်းကို ခံနေရကြပါတယ်။ နောက်တစ်ချက်
စာပေ
အရင်တုန်းကဆိုရင် ချင်းစာပေတိမ်မြုပ်ပျောက်ကွယ်သွားမှာစိုးရိမ်တဲ့အတွက်ကြောင့် ချင်းစာပေ သင်ကြားခြင်းကို မူလတန်းအဆင့်မှာ မသင်မနေရအဖြစ်ပြဌာန်းခဲ့ပါတယ် (ချင်းပြည်နယ်တွင်သာ)။ ဒါပေမယ့် အခုအချိန်မှာ ချင်းစာပေးသင်ကြားဖို့အတွက် တားမြစ်ခံရတဲ့အပြင် ကျောင်းမှာမဟုတ်ဘဲ ရွာထဲမှာတောင် ချင်းစာပေသင်ကြားခွင့်ကို ပိတ်ပင်လာကြပါတယ်။ ဒါဟာ လူမျိုးတစ်မျိုးပျောက်ကွယ်သွားဖို့ မတရားတားမြစ် ချက်ဖြစ်ပါတယ်။ ချင်းစာပေသင်ကြားဖို့အတွက် စည်းရုံးတဲ့သူတွေကိုလည်း တားမြစ်ပိတ်ပင်ပါတယ်။
ယဉ်ကျေးမှု
ချင်းတို့ရဲ့ရိုးရာပွဲတွေ၊ ချင်းအမျိုးသားနေ့တွေကအစ အရင်ကလို လွတ်လပ်စွာကျင်းပခွင့်ကို ပိတ်ပင်ထား ကြပါတယ်။ ကျင်းပခွင့်ပေးတဲ့အခါမှာလည်း မတရားပိတ်ပင်တားမြစ်ချက်များစွာနဲ့ စိတ်ကျဉ်းကြပ်စွာ ပြုလုပ်ခွင့် ပေးတယ်။ ဒီလုပ်ရပ်တွေဟာ ချင်းလူမျိုးများကို ဒုတိယတန်းစားလူမျိုးဖြစ်စေပြီး၊ သိသိသာသာချိုးနှိမ်ခြင်းဖြစ် ပါတယ်။
မြန်မာနိုင်ငံမှာနေပြီး မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့် တန်းတူမရတဲ့ အချက်ကြောင့်သာ ချင်းလူမျိုးများပြည်ပထွက်ဒုက္ခသည်အဖြစ်လျှောက်ထားနေကြခြင်းဖြစ်ပါတယ်။ မည်သည့် နိုင်ငံရေးခံယူချက်၊ ဘာသာရေးခံယူချက်များကြောင့်မဟုတ်ဘဲ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်မရှိတဲ့ ချင်းလူမျိုးများဖြစ်သောကြောင့်သာ မိမိကို လူ့အခွင့်အရေးအပြည့်အ၀ပေးမည့်နိုင်ငံသစ်များကို ရှာဖွေထွက်ခွာ နေကြတာဖြစ်ပါတယ်။
လူတစ်ချို့ ရဲ့ထင်မြင်စွတ်စွဲသလိုမျိုး ချင်းပြည်မှာ အဓမ္မခိုင်းစေမှုမရှိဘူး၊ စစ်တပ်လည်းမရှိဘူးဆိုတာ မဟုတ်ပါဘူး။ အဓမ္မခိုင်းစေတဲ့နေရာတွေလည်းရှိပါတယ်။ စစ်တပ်လည် ရှိပါတယ်။ ဒါပေမယ့် ဒီအချက်တွေဟာ ဒုက္ခသည်တစ်ယောက်အဖြစ် အသိအမှတ်ပြုပေးနိုင်တဲ့တရားဝင်အချက်အလက်တွေဖြစ်လို့ အဲဒီကိစ္စတွေကို ယူသုံးနေကြတာပါ။ အဓိကကတော့ အထက်က ကျွန်တော်ပြောခဲ့တဲ့အတိုင်း ...
မြန်မာပြည်အတွက် ဘိုးစဉ်ဘောင်ဆက် အသက်၊ သွေး၊ ချွေးရင်းခဲ့တဲ့ သစ္စာရှိတဲ့လူမျိုးကို တန်းတူအခွင့် အရေးမပေးဘဲ ဒုတိယတန်းစားလူမျိုးအဖြစ် ခွဲခြားဆက်ဆံမှုဟာ ချင်းလူမျိုးများကို သူတို့ချစ်တဲ့မွေးဖွားရာအမိ မြေကိုစွန့်ခွာပြီး၊ ကောင်းစားတဲ့နိုင်ငံသစ်မှာ အခြေချနေထိုင်ဖို့ တွန်းအားပေးတဲ့အချက်ဖြစ်တယ်ဆိုတာကို နားလည်စေချင်ပါတယ်။
ချင်းလူမျိုးများဟာ .. ဒုတိယတန်းစား လူမျိုးမဟုတ်ပါဘူး။
ချင်းလူမျိုးများဟာ.. သစ္စာရှိတဲ့လူမျိုးဖြစ်ပါတယ်။ (ယခင်က.. အခုတော့အခြေအနေအရတစ်ချို့သစ္စမရှိ)
ချင်းလူမျိုးများဟာ.. အေးချမ်းမှုကို လိုလားတဲ့လူမျိုးဖြစ်ပါတယ်။
ချင်းလူမျိုးများဟာ.. ကျေနပ်ရောင့်ရဲမှုရှိတဲ့လူမျိုးဖြစ်ပါတယ်။ (ယခင်က.. ယခုတော့မဆိုလို..)
ချင်းလူမျိုးများဘာ့ကြောင့် ဒုက္ခသည်လျှောက်ထားကြတယ်ဆိုတာကို ဒီလောက်ရှင်းပြရင် လုံလောက်မယ် ထင်ပါတယ်။ ဒီထက် ပိုပြီးရှင်းပြရင်.. လူမျိုးရေးထိခိုက်စရာတွေ၊ ပြဿနာတွေပိုများလာနိုင်တဲ့အတွက်ကြောင့် ဤမျှလောက်သာ တင်ပြပါရစေ...
ကျေးဇူးတင်စွာဖြင့်....

Sunday, April 4, 2010

သိအပ်စရာချင်းလူမျိုးများအကြောင်း (၂)

ချင်းလူမျိုးများ၏ရာဇဝင်ကိုလေ့လာကြည့်သော်

တရုတ်ဧကရာဇ်မင်း ဇား၊ ရှန်၊ ချောင်မင်းဆက်များလက်ထက်က စတင်မှတ်သားကြသည်။ ချောင် ဆိုသည့် စကားလုံးမှာ နောက်ပိုင်း ဇောင်၊ ဇို (ချင်း)၊ ရို စသဖြင့် အမျိုးမျိုးပြောင်းလဲမှတ်သားလာကြရာ၊ အမည်တစ်မျိုး၊ ဘုရင်တစ်ပါး၏အမည်၊ လူမျိုးတစ်မျိုးအဖြစ် မှတ်သားခဲ့ကြသည်။ ချောင်(ဇို)ဧကရာဇ်သည် BC1122 မှ BC256 ကာလအတွင်း အုပ်စိုးခဲ့သည်ဟု မှတ်သားခဲ့ကြသည်။ BC 11 ရောက်သောအခါ ချင်းမင်းဆက်နန်းတက်ခဲ့ပြီး တိုင်းပြည်ကို ၁၄နှစ်အုပ်ချုပ်ခဲ့သည်။ BC 207-220 အတွင်း ဟန်မင်းဆက်နန်းတက်ကာ အခြားလူမျိုးစုများကို ညှဉ်းပန်းနှိပ်စက်သောကြောင့် ချင်းလူမျိုးများမြန်မာပြည်ထဲသို့ထွက်ပြေးလာကြသည်ဟုလည်း အချို့ကမှတ်တမ်းတင်ထားသည်။ တရုတ်နိုင်ငံရှိလိုဏ်ဂူတစ်ခု၏အမည်ကိုလည်း Chou-Kou-Tien မြန်မာဂူ (ဝါ)တဲ ဆိုသည့်အဓိပ္ပါယ်နှင့်လည်းရှိသေးသည်။

Rev.Dr. JH. Cope နှင့်ဇနီးသည်တို့ ၂၁၊၁၂၊၁၉၀၃ တွင် Rev.AE.Carson နှင့်နေရာပြောင်းရန် ရောက်လာသောအခါ ၁၉၊၄၊၁၉၁၀ တွင် ဟားခါးမှတီးတိန်သို့ပြောင်းရွှေ့ပြီး နှစ်ပေါင်း (၃၀)ကြာနေထိုင်ခဲ့သည်။ Rev.Cope ချင်းလူမျိုးများသည် တိဗက်ပြည်ရှိမွန်ဂိုလူမျိုးများနှင့် ဆံပင်ပုံစံ၊ ဆံပင်ကောက်ပုံ၊ လူနေမှုပုံစံမှစ၍ သွားလာပြုမူပုံတူညီကြသည်ဟု ဆိုခဲ့ဖူးသည်။

မြန်မာပြည်အဝင်

ချင်းလူမျိုးများမရှိမီ မြန်မာပြည်ထဲတွင် () Nigrito () မွန်ခမာ () ရှမ်း-ကရင် () တိဗက်-ဗမာ လူမျိုးများ ဦးစွာအခြေချနေထိုင်ခဲ့ကြသည်။ သမိုင်းပညာရှင်ဦးဘရှင်၊ ဗိုလ်မှူးဗရှင်၊ ဒေါ်သိန်း၊ Mr.Hervey နှင့်ဒေါက်တာ တင်အောင်တို့က တိဗက်-ဗမာလူမျိုးများကို အောက်ပါအတိုင်းခွဲခြားသတ်မှတ်ခဲ့ကြသည်။

() စုလူမျိုး

ဤလူမျိုးများသည် ယူနန်ပြည်နယ်မှဆင်းသက်လာသော ဖြူလူမျိုးများဖြစ်ပြီး၊ မြန်မာပြည်တွင် ဗိဿနိုးနှင့် သရေခေတ်တရာမြို့များကို တည်ထောင်ခဲ့ကြသူများဖြစ်ကြသည်။

() ကံရံ (ကရန)

ဤလူမျိုးများသည် ဝေသာလီနှင့်မြောက်ဦးမြို့များကိုတည်ထောင်ခဲ့ကြပြီး၊ ရခိန-ရခိုင်လူမျိုးများအဖြစ်မှတ်တမ်း တင်ထားသည်။

() သက် (စက်)

ဤလူမျိုးများသည် AD1 ရာစုခန့်က Prome မှ Pasan ဒေသသို့ဆင်းလာသောလူမျိုးများအဖြစ်မှတ်တမ်းတင် ထားသည်။ သမိုင်းနှင့်လူမျိုးစုများအကြောင်းလေ့လာသူများက ချင်း၊ ကချင်၊ ကဒူး၊ ကနန်း၊ တန်ကော့၊ နာဂ စသည့်လူမျိုးများကို သက် လူမျိုးစုမှ ဆင်းသက်လာကြသည်ဟု မှတ်သားကြသည်။

BC 600

တိဗက်ဒေသ ဟိုဟစ်မြစ် (Hohit) အတိုင်းဆင်းလာကာ ဟူးကောင်းချိုင့်ဝှမ်းမှတစ်ဆင့် ချင်းတွင်းမြစ်ဝှမ်းဒေသ တွင်အခြေချနေထိုင်ကြသည်။ အချို့မှာ ဧရာဝတီမြစ်နှင့်ချင်းတွင်းမြစ်ဆုံရာနေရာတွင်နေထိုင်ကြကာ ယခင်က သီလဝါဒီမြစ်ဟုခေါ်သော မြစ်ကို ချင်းလူမျိုးများနေထိုင်ရာမြစ်အဖြစ် ချင်းတွင်းမြစ် (The Home of Chin)ဟု သမုတ်ပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

AD 100

ချင်းလူမျိုးများသည် ပုဂံဒေသရှိ ဘုရားကြီးဟုခေါ်သောဒေသတွင် နေထိုင်ခဲ့ကြသည်။

AD 600

စစ်ကိုင်း၊ မြင်တိုင်းပင်၊ မုံရွာ၊ ဒီပဲယင်း၊ ပလိပ်စသောဒေသများတွင် နေထိုင်ခဲ့ကြသည်။

AD 835

ချင်းတွင်းမြစ်ဝှမ်းဒေသရှိ သျှိုမြို့တော် (Shou) တွင်ချင်းလူမျိုးများနေထိုင်ကာ နန်ချိုဟု တရုတ်ဘာသာဖြင့် ခေါ်ကြသည်။

AD 842

သရက်၊ အောင်လံ၊ မင်းဘူး၊ မင်းတုန်း၊ တောင်တွင်းကြီး၊ သံတွဲ၊ ပုပ္ပားတောင်ဒေသများတွင် နေထိုင်ကြသည်။

AD 849

ပုဂံ (ဖြူဂံ) (Pu Gam) ဒေသတွင် ပြောင်းရွှေ့အခြေချနေထိုင်ကြသည်။

AD 1300

မြန်မာလူမျိုးများနိုင်ငံမစတင်မီ ပတ်ဝန်းကျင်ရှိအခြားလူမျိုးစုများကို စစ်ရှုံးသောကြောင့် ချင်းလူမျိုးများသည် ရှမ်းလူမျိုးများနှင့်အတူ ပင်းယ၊ အင်းဝ၊ စစ်ကိုင်းစသောမြို့များတွင် နေထိုင်ကြသည်။

AD 1300

ရေစကြို၊ ကောလင်းနှင့်ကလေးမြို့များတွင် စတင်အခြေချနေထိုင်ကာ ၁၄၀၂-၁၄၂၃ ကာလအတွင်း ရှမ်းစော်ဘွားများ အုပ်ချုပ်သည့်အချိန်ထိ နေထိုင်ခဲ့ကြသည်။

ချင်းတောင်ဒေသသို့ပြောင်းရွှေ့ခြင်း

AD1420 ခုနှစ်မှစတင်ကာ ရှမ်းလူမျိုးများအုပ်ချုပ်မှုအောက်တွင် မနေလိုသူများက ကလေးမြို့မှတစ်ဆင့် တောင်ပေါ်ဒေသကို ပြောင်းရွှေ့နေထိုင်လာကြသည်။ AD 1650 မှ နှစ်ပေါင်း ၂၀၀-၂၅၀ ကာလအတွင်း မျိုးဆက် ()ဆက်ခန့် ချင်းတောင်ဒေသ Kawlmun Ciimnuai တွင်အခြေချခဲ့ကြသည်။ သားယောကျာင်္း တစ်ယောက်မွေးဖွားတိုင်း မျိုးရိုးတစ်ခုအဖြစ်မှတ်သားခဲ့ကြရာ ချင်း(တီးတိန်၊ တွန်းဇံ) လူမျိုးများတွင် မျိုးရိုးပေါင်း (၂၃၇)မျိုးရှိသည်။

AD 1550

Guite မျိုးရိုးမှ Pu Guimang က တီးတိန်မြို့ကို စတင်တည်ခဲ့သည်။

AD 1870

တွန်းဇံမြို့ကို တည်ခဲ့သည်။

AD 1877-78

Guite လူမျိုးစုများ မြောက်ပိုင်းဒေသသို့ ပြောင်းရွှေ့ခဲ့ကြသည်။

AD 1895

စက်တင်ဘာလတွင် ချင်းတောင်ဒေသတစ်ခုလုံး မြန်မာနိုင်ငံလက်အောက်သို့ကျရောက်ခဲ့သည်။

AD 1948

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး ချင်းဝိသေသတိုင်းအဖြစ် သတ်မှတ်ခဲ့သည်။

AD 1974

ချင်းလူမျိုးများနေထိုင်ရာဒေသကို ချင်းဝိသေသတိုင်းမှ ချင်းပြည်နယ်ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ကြသည်။

ကိုးကား- SB. Langhno (ZAM Magazine 2009)


Saturday, April 3, 2010

သိအပ်စရာချင်းလူမျိုးအကြောင်း (၁)

ဘယ်ကစ
တကယ်တော့ လူပေါင်း တစ်သန်းတောင်မပြည့်တဲ့ ချင်းလူမျိုးတွေကိုဘုရားသခင်ကပဲကောင်းချီးပေးတယ်ပဲပြောပြော၊ အခြားလူမျိုးတွေထက်တော့ သာတဲ့နေရာတွေမှာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီနေ့ထိ လူမျိုးကြီး ဖြစ်မ လာတာတော့ အံ့သြစရာပါ။ ချင်းလူမျိုးတွေရဲ့ရာဇ၀င်ကိုပြန်ကြည့်တဲ့အခါမှာ ရှေးတရုတ်ပြည်ဖက်ကနေ ဆင်းသက်လာကြတယ်လို့ဆိုပါတယ်။ အတိအကျတော့ ဘယ်သူမှမခန့်မှန်းနိုင်ကြသေးပါဘူး။
ရှေးလူကြီးတွေရဲ့အဆိုအရတော့ ကချင်လူမျိုးနဲ့ချင်းလူမျိုးတွေဟာ.. ညီအစ်ကိုတွေလို့ဆိုပါတယ်။ အဲဒီညီအစ်ကို နှစ်ယောက်ဟာ မြန်မာပြည်ထဲကိုဝင်လာရင်း၊ လမ်းမှာ အကြီးဖြစ်တဲ့ကချင်ကလမ်းမှာကျန်ခဲ့ပြီး၊ ညီဖြစ်တဲ့ချင်းကတော့ လမ်းဖောက်လို့ဆက်ဆင်းလာလိုက်တာ.. ဘာသယံဇာတမှမရှိတဲ့ ချင်းတောင်ဘက်ကိုရောက်လာတယ်လို့ ပြောကြပါတယ်။ ကံမကောင်းဘူးလို့ပဲပြောရမလားမသိဘူး၊ ညီငယ်ချင်းလေးဟာ.. ခက်ခဲကြမ်းတမ်းတဲ့ချင်းတောင်တန်း ပေါ်မှာ ကြီးပြင်းလာခဲ့ပါတယ်။ အညတရချင်းလေးတစ်ယောက်ဖြစ်လို့ စာ၊ စကားကစလို့ ကိုယ်ပိုင်မရှိခဲ့ဘူးလို့လည်း ဆိုကြပါတယ်။
ဒါပေမယ့် နှစ်ပေါင်းများစွာကြာလာတာနဲ့အမျှ ရေခြား၊ မြေခြားက သာသနာပြုဆရာတွေရောက်လာပြီး
နောက်ပိုင်း “စာ” ဆိုတာရှိလာပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) ၊ ၁၉၁၀ ခုနှစ်ကစပြီး၊ တရားဝင် ချင်းဘာသာ
စကားအဖြစ် စတင်ပေါ်ပေါက်လာပါတယ်။ ဒါ့ကြောင့် ဒီနှစ်နိုဝင်ဘာလမှာ ချင်းတောင်ဒေသတစ်နေရာမှာ ချင်းစာရာပြည့်ပွဲ ကျင်းပကြမယ်လို့လည်း သိရပါတယ်။
အခြားလူမျိုးတွေနဲ့နှိုင်းယှဉ်ရင် လူဦးရေအရေအတွက် နည်းပြီး၊ ဒေသထွက်သယံဇာတဆိုလို့ ပန်းသီးဆို
တာလောက်ပဲရှိတဲ့နေရာမှာ ကြီးပြင်းလာခဲ့ကြတဲ့ချင်းလူမျိုးများဟာ.. ယခုအချိန်မှာ မြန်မာပြည်ရဲ့ပြင်ပ အခြားဖွံ့ဖြိုးပြီး နိုင်ငံတော်တော်များများကို ဦးတည်နေကြပါတယ်။ ဒါဟာ မိမိတိုးတက်ရာ တိုးတက်ကြောင်းအတွက်တော့ အင်မတန် ကောင်းတဲ့အချက် (တစ်နည်းအားဖြင့်အခွင့်အရေး) လို့ခံယူကြတဲ့သူတွေဟာ ၉၉% လောက်ရှိကြပါတယ်။
သိသင့်တဲ့အချက်တစ်ချက်ကိုတော့ လျစ်လျူရှုထားကြတာတော့ ၀မ်းနည်းစရာပါ။ အဆင်ပြေမယ့်လမ်း
မြင်တိုင်း၊ ဘ၀ဟောင်းကိုမေ့လျော့ပြီး စိတ်ကြီးဝင်တတ်ကြပါတယ်။ ကိုယ့်အစွမ်းအစနဲ့ဘာမှမဟုတ်ကြပေမယ့် ဘုရား ကျေးဇူးတော်ကြောင့်အခွင့်အရေးလေးတွေရလာတဲ့အခါ အောက်ခြေလွတ်ပြီး၊ သူများတကာကို လက်ညိုးငေါက်ငေါက် ထိုးတတ်ကြပါတယ်။ ဒါတွေဟာ.. အားလုံးမဟုတ်ပေမယ့် အချို့အချို့သောသူတွေကို ဆိုလိုတာပါ။
အကြောင်းအရင်း
ချင်းလူမျိုးတွေဘာ့ကြောင့် တိုးတက်သင့်သလောက်မတိုးတက်ကြသလဲ?
ကျွန်တော် မလေးရှားရောက်တော့ သတိထားမိတာတစ်ခုရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့ မြန်မာ
ပြည်မှာ ကိုယ့်မိခင်ဘာသာစကား(ချင်းစကား)တောင်ဖြောင့်အောင်မပြောတတ်တဲ့သူတွေ မလေးရှားမှာ မလေးစကားကိုတော့ ရေရေလည်လည် မွတ်နေအောင်ပြောတတ်ကြတယ်..။ အကြောင်းအရင်းကို လေ့လာကြည့်တဲ့အခါမှာ မလေးလူမျိုးတွေဟာ. သူတို့ဘာသာစကားကို ကြိုးစားပြောကြတဲ့သူတွေကို နားလည်ပေးတယ်။ စကားပြောတာမပီရင်တောင် လှောင်ရယ်တာမျိုး မလုပ်ကြဘူး။ ဒါ့ကြောင့်လည်း နိုင်ငံခြားသားတော်တော်များများဟာမလေးစကားကို ရဲရဲရင့်ရင့်ပြောလာကြတယ်။ ဒါပေမယ့် ချင်းလူမျိုးတွေကတော့ သွေးကြီးပေမယ့် လူမျိုးကြီးမဆန်တာကိုတွေ့ရပါတယ်။ ချင်းစကားကို ကြိုးစားပြောလို့မပီရင်တောင် ပြင်ပေးမယ်မရှိဘဲ၊ ၀ိုင်းဟားကြတာမျိုး၊၀ိုင်းပြီးဟာသဖောက်တာမျိုးတွေကို တွေ့ရပါတယ်။ ဒါတွေဟာတိုးတက်တဲ့လက္ခဏာ မဟုတ်ဘဲ၊ ဆုတ်ယုတ်တဲ့လက္ခဏာဖြစ်တယ်ဆိုတာကို သတိမမူမိကြပါဘူး။
ကိုယ့်ပါးစပ်က ဘယ်လောက်ပဲ “ဘုရား၊ ဘုရား” လို့အော်ပြီး၊ လူတွေရှေ့မှာရပ်နေပါစေ၊ ကိုယ်လူမျိုး
အတွက် ဘယ်လောက်ပဲကြွေးကြော်နေပါစေ။ တကယ်တော့ ကိုယ့်လူမျိုးကိုတကယ် ဆွဲတင်ချင်တဲ့စိတ်မရှိဘဲကိုယ့်လူမျိုးစုတွေကြား ထဲမှာပဲ ဗိုလ်လုပ်နေကြတာကို တွေ့နေရပါတယ်။ ဒါဟာ စိတ်မကောင်းစရာပါ။
ဒါ့ကြောင့် “ချင်းတွေအရမ်းကောင်းစားကြတာပဲလို့ လူအချို့ကပြောနေကြပေမယ့် အပြင်ပန်းအားဖြင့်
ကောင်းစားသယောင်ယောင်နဲ့ အတွင်းမှာ ပုပ်သိုးနေကြတာကို ပြသချင်တာပါ။”
ဒုတိယပိုင်း ဆက်ပါဦးမည်။

Monday, March 29, 2010

ဒီလို ချစ်သူ ကို အားလုံး လိုချင်မယ် လို့ထင်ပါတယ်

ကျွန်မ ရဲ့ခင်ပွန်းက software engineer တစ်ယောက်ပါ။ သူ့ ရဲ့ တည်ငြိမ်တဲ့
စရိုက်လေးကို ကျွန်မချစ်တယ်။ သူ့ ပုခုံးပြင်ကျယ်ကြီးပေါ် မှီလိုက်တိုင်း
ရရှိလာတဲ့ နွေးထွေးတဲ့ ခံစားမှုလေးကို ကျွန်မချစ်တယ်။

ကျွန်မတို့ ချစ်သက်တမ်း နှစ် နှစ်အကြာမှာ လက်ထပ်ခဲ့ကြတာ အခုဆို
အိမ်ထောင်သက် ငါးနှစ်တောင်ရှိနေပါပြီ။ ဒါပေမယ့် ဒီအိမ်ထောင်ရေးကို
ကျွန်မငြီးငွေ့ လာပြီလို့ ဝန်ခံပါရစေ။ သူ့ အပေါ်ချစ်ရတဲ့အကြောင်းတွေကလည်း
ကျွန်မအတွက် စိတ်ပင်ပန်းစရာတွေ အဖြစ်ပြောင်းလဲနေပါပြီ။

ကျွန်မစိတ်က သိပ်ပြီးထိခိုက်ခံစားလွယ်ခဲ့တယ်
။ ကျွန်မတို့ ရဲ့ ဆက်ဆံရေးနဲ့ ကျွန်မခံစားချက်တွေအပေါ် ကျွန်မသိပ်ကို
ခံစားလွယ်ခဲ့တယ်။ ကလေးငယ်လေးတစ်ယောက် ချိုချဉ်သကြားလုံးကို
တပ်မက်တွယ်တာသလို ကျွန်မတို့ ရဲ့ဆွတ်ပျံ့ ကြည်နူးဖွယ်ကောင်းခဲ့တဲ့
အချိန်ခဏလေးတွေကို တမ်းတနေတယ်။ သူခံစားချက်ကတော့ ကျွန်မခံစားချက်နဲ
့ဖြောင့်ဖြောင့်ကြီးကို ဆန့် ကျင်ဖက်ဖြစ်နေတယ်။ သူ
့ရဲ့တည်ငြိမ်နိုင်လွန်းမှုတွေ နဲ့ ကျွန်မတို့ ရဲ့ အိမ်ထောင်ရေးမှာ
ရင်ခုန်ကြည်နူးဖွယ် အချိန်ကလေးတွေ မရှိဘူးလို့ ကျွန်မထင်လာတဲ့အခါမှာ
အချစ်ဆိုတာကို ကျွန်မစိတ်နာစပြုလာတယ်။

နောက်ဆုံးတစ်နေ့ မှာတော့ ကျွန်မ သူနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်ချက်ကို သူ
့ကိုပြောဖို့ ဆုံးဖြတ်လိုက်တော့တယ်။

"လမ်းခွဲမယ် ဟုတ်လား...ဘာလို့ လဲ " သူ ထိတ်လန့် တကြားတော့မေးရှာပါတယ်။

"ကျွန်မ အရမ်းပင်ပန်းနေပြီ... ကမ္ဘာပေါ်မှာ ဖြစ်လာတဲ့ အဖြစ်အပျက်တိုင်းမှာ
ဘာအကြောင်းပြချက်မှ မရှိပါဘူး..."

ဒီလောက်နဲ့ ပဲ ကျွန်မတို့ ဆွေးနွေးခန်း အဆုံးသတ်သွားတယ်။

အတွေးထဲနစ်နေတဲ့ ပုံစံနဲ့  သူတစ်ညလုံး ငြိမ်သက်နေခဲ့တယ်။ သူ
့ကိုကျွန်မစိတ်ပါပျက်လာတယ်။ သူကိုယ်တိုင်ရဲ့ ခံစားချက်ကို
ထုတ်ဖော်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်စီက ကျွန်မ
ဘာများထပ်ပြီးမျှော်လင့်နေရဦးမှာလဲ....

နောက်ဆုံးတော့ သူ ကျွန်မကို မေးခွန်းတစ်ခု မေးလာတယ်။ "ငါဘယ်လိုလုပ်ပေးရင်
မင်းရဲ့စိတ်တွေကို ပြောင်းလဲနိုင်မလဲ" တဲ့။

လူတစ်ယောက်ရဲ့ အကျင့်စရိုက်ဆိုတာ ပြင်လို့ မရရိုးထုံးစံပဲမဟုတ်လား...။ သူ
့အပေါ်မျှော်လင့်ထားတဲ့ ကျွန်မရဲ့ ယုံကြည်ချက်တွေလည်း
ပျောက်ဆုံးကုန်ပါပြီ။

သူ့ မျက်ဝန်းတွေထဲကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်ပြီး
ကျွန်မဖြေလိုက်တယ်။ "ကျွန်မမေးခွန်းတစ်ခုမေးမယ်။ ဒါကို
ရှင်အဖြေပေးနိုင်ရင် ကျွန်မ နှလုံးသားကို ပြန်ပြီးလှုပ်ခတ်နိုင်ရင်
ကျွန်မရဲ့ ဆုံးဖြတ်ချက်ကိုပြင်လိုက်မယ်..."

"တောင်ထိပ်ဖျားမှာရှိနေတဲ့ ပန်းတစ်ပွင့်ကို ကျွန်မလိုချင်တယ်...
အဲဒီပန်းပွင့်ကို ခူးလိုက်ရင် ရှင်သေရလိမ့်မယ် ဆိုတာလည်း ကျွန်မတို
့နှစ်ယောက်လုံး သိနေကြတယ်ဆိုပါတော့... ဒါဆို ဒီပန်းကို ရှင်ကျွန်မအတွက်
ခူးပေးနိုင်မလား" ။

သူပြန်ဖြေတာကတော့ ...."မနက်ဖြန်ကျရင် မင်းကို ငါအဖြေပေးမယ်" ဆိုတာပဲ။ သူ
့စကားကိုကြားလိုက်တဲ့ တခဏမှာပဲ ကျွန်မရဲ့မျှော်လင့်ချက်တွေ
စုန်းစုန်းမြုပ်သွားတယ်။

မနက်အိပ်ရာနိုးတော့ သူမရှိတော့ပါဘူး။ အိမ်ရှေ့ တံခါးနားက စားပွဲပေါ်မှာ
နွားနို့ ခွက်နဲ့ ဖိထားတဲ့ သူ့ လက်ရေးနဲ့ ရေးထားတဲ့ စာတစ်စောင်ကိုပဲ
ကျွန်မတွေ့ ရတယ်။

စာထဲမှာရေးထားတာကတော့..... "အချစ်ရယ်... ငါမင်းအတွက် အဲဒီပန်းပွင့်လေးကို
မခူးပေးနိုင်ပါဘူး။ ဘာကြောင့်ငါဒီလိုပြောတယ်ဆိုတာကိုတော့ ငါ့ကို
ရှင်းပြခွင့်ပေးပါ....။"

ပထမ စာတစ်ကြောင်းနဲ့ တင် ကျွန်မနှလုံးသားတွေ ကွဲကြေကုန်ပါပြီ။
စာကိုဆက်ဖတ်လိုက်ပါတယ်။

" မင်း ကွန်ပျူတာ သုံးတဲ့အခါတိုင်း ကွန်ပျူတာ ပရိုဂရမ်တွေအားလုံး
ကမောက်ကမနဲ့ ရှုပ်ထွေးကုန်တယ်လေ...အဲဒီနောက် မင်း ကွန်ပျူတာဖန်သားပြင်ရှေ
့မှာငိုတော့တာပဲ။ ဒီပရိုဂရမ်တွေ နေသားတကျ ပြန်ဖြစ်အောင် မင်းကိုကူဖို
့အတွက် ငါ့လက်ချောင်းလေးတွေရှိနေမှရမယ်။ "

"မင်းအပြင်သွားတိုင်း အိမ်သော့ကို အမြဲမေ့ထားခဲ့တတ်တယ်နော်။ အဲဒီအခါကျရင်
မင်းအရင်အိမ်ကို ရောက်နှင့်အောင် အပြေးပြန်လာဖို့ လည်း ငါ့
ခြေထာက်တွေရှိနေရဦးမယ်။"

"မင်းက ခရီးသွားနေရတာကိုလည်း ပျော်တယ်နော်။ မြို့ အသစ်တစ်ခုကို
ရောက်တိုင်း မင်းမျက်စိလည် လမ်းမှားတော့တာပဲ။ မင်းကို လမ်းရှာပေးဖို
့ငါ့မျက်လုံးတွေလည်း လိုတယ်နော်ကွာ"

"မင်းနဲ့ မင်းသူငယ်ချင်းတွေ တစ်လတစ်ခါ ဂေါက်ရိုက်သွားတိုင်းလည်း မင်းရဲ့
ကြွက်သားတွေ နာနေတတ်တယ်လေ။ ဒီတော့ မင်းရဲ့ ဗိုက်သားလေးတွေ နာနေတာကို
ဖြေပေးဖို့ ငါ့ရဲ့လက်ဖနောင့်လေးကိုလည်း ချန်ထားရလိမ့်မယ်"

"မင်းက အိမ်ထဲမှာနေရတာလည်း ကြိုက်တယ်။ မင်းအရွယ်မတိုင်ခင်
အိုစာသွားမှာကို ငါသိပ်စိုးရိမ်တာပေါ့။ မင်းမပျင်းရအောင်လို
့ပုံပြင်တိုလေးတွေ ဟာသလေးတွေကို ပြောပြဖို့ ငါ့ပါးစပ်ကလေးလည်း
ရှိနေရဦးမယ်"

"ကွန်ပျူတာ ဖန်သားပြင်တွေက မင်းမျက်လုံးအတွက် လုံးဝမကောင်းနိုင်ပေမယ့်
မင်းတစ်ချိန်လုံးကြည့်နေတယ်လေ။ ငါတို့ အိုလာတဲ့အခါ မင်းရဲ့လက်သည်းလေးတွေ
ညှပ်ပေးဖို့ ...မင်းဆံပင်ဖြူတွေ နှုတ်ပေးဖို
့ငါ့မျက်လုံးလေးတွေရှိနေရမယ်မဟုတ်လား။ ကမ်းခြေမှာ
လမ်းလျှောက်ထွက်တဲ့အခါလည်း မင်းလက်ကလေးကို ငါတွဲပေးနိုင်မယ်လေ။
နေရောင်အောက်က လှပနေတဲ့ သဲဖြူတွေကို မင်းနှစ်သက်တယ်လေ။ ပြီးတော့ မင်းကို
ပန်းပွင့်လေးတွေရဲ့အရောင်ကို ပြောပြလို့ ရမယ်။ "

"ဒါကြောင့်ပါကွာ...မင်းကို ငါ့ထက်ပိုချစ်နိုင်မယ့်သူ ရှိမယ်လို
့မသေချာသေးသ၍ မင်းပြောတဲ့တောင်ပေါ်ကပန်းကို ခူးပြီး ငါမသေပါရစေနဲ့ ဦး။"

ကျွန်မ မျက်ရည်တွေ စာရွက်ပေါ် ပိုးပိုးပေါက်ပေါက် လှိမ့်ဆင်းလာတော့တယ်။ သူ
့လက်ရေး နဲ့ မင်လေးတွေ့ စာရွက်ပေါ် ပြန့် သွားတဲ့အထိပါပဲ။ စာကို ကျွန်မ
ဆက်ဖတ်ပါသေးတယ်။

"ကဲအခုလောက်ဆို မင်းလည်းစာကို ဖတ်ပြီးလောက်ပြီ။ ငါ့အဖြေကို
မင်းကျေနပ်တယ်ဆိုရင်... မင်းအတွက် လတ်လတ်ဆတ်ဆတ် နွားနို့ နဲ့ ပေါင်မုန်
့တွေဝယ်လာပြီး အိမ်ပြင်မှာ ရပ်နေတဲ့ ငါ့ကို တံခါးလာဖွင့်လှည့်ကွာ.."

ကျွန်မအပြေးအလွှား တံခါးသွားဖွင့်တဲ့အခါ သူ့ ရဲ့စိုးရိမ်တကြီးဖြစ်နေတဲ့
မျက်နှာလေးကို တွေ့ လိုက်ရတယ်။ လက်ထဲမှာလည်း နို့ ပုလင်းတွေ၊ ပေါင်မုန်
့တွေ တစ်ပွေ့ တပိုက်နဲ့ ပေါ့။ အခုတော့ သေချာသွားပါပြီ။ သူ့ လောက်
ကျွန်မအပေါ် ဘယ်သူမှ မချစ်နိုင်ဘူးဆိုတာ သေချာသွားပါပြီ။ တောင်ပေါ်က
ပန်းပွင့်လေးကိုလည်း သူ့ ဘာသာ တစ်ပွင့်တည်းရှိပါစေတော့.... ဒါဟာ
ဘဝပါပဲ..အချစ်ဆိုတာလဲ ဒါပါပဲ။

ကိုယ့်အနားမှာ အမြဲတမ်းအချစ်ရှိနေတဲ့အခါ စိတ်လှုပ်ရှားတဲ့ ခံစားချက်တွေ
မှေးမှိန်နေသလိုပါပဲ။ အဲဒီအခါ ငြိမ်းချမ်းမှုနဲ့ မှေးမှိန်ပျောက်ကွယ်မှုတွေ
ရဲ့ကြားထဲမှာ တည်နေတဲ့ အချစ်ကို မျက်ကွယ်ပြုဖို့ ကြိုးစားတော့တာပါပဲ။

အချစ်ဆိုတာ ပုံစံမျိုးစုံနဲ့ ထွက်ပေါ်လာပါတယ်။ အလွန်သေးငယ်ပြီးတဲ့ပုံစံ နဲ
့လည်းဖြစ်နိုင်တယ်.... သူ့ မှာစံပုံစံဆိုတာမရှိပါဘူး။
အမှေးမှိန်ဆုံးပုံစံလေးလဲ ဖြစ်နိုင်တယ်..ငြီးငွေ့ ဖွယ်ပုံစံနဲ့ ရောပေါ့။

ပန်းပွင့်တွေ...စိတ်လှုပ်ရှားစရာတွေ ဟာ အပေါ်ယံပါဆက်ဆံရေးတစ်ခုပါပဲ..
အဲဒါတွေ အားလုံးရဲ့ အတွင်းကျကျနေရာမှာတော့ အချစ်စစ်ရဲ့ အဓိက
နေရာရှိနေပါတယ်။ ပြီးတော့ ဒါဟာ ဘဝပါပဲ....

*မူရင်းက ဒီနေရာကပါ http://funlok.com/index.php/story/love-life.html
*အပေါ်က ပုံလေးကို http://www.flickr.com/photos/moemoechi/1246549971/
ကနေ ယူသုံးထားပါတယ်
* ဘာသာပြန် ပညာအားနည်းနေသေးလို့ နားလည်ပေးကြပါရန်။

Monday, March 22, 2010

ဘဝ အခွင့်အရေး

တစ်ခါတုန်းက လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။ နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်ကျရောက်နိုင်ကြောင်း၊ သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါတွေ ကြီးမြင့်နိုင်တဲ့၊ လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိကြောင်း ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။ ဒါပေမယ့် နှစ်လရာသီတွေသာ ပြောင်းသွားတယ်။ သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။ နတ်မင်းကြီးကိုတွေ့တာနဲ့ သူက "နတ်မင်းကြီး.... အရှင်ပြောတော့ ကျွန်တော်သူဌေးဖြစ်မယ်ဆို၊ ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ ဘာမှလည်းမရခဲ့ဘူး" လို့ ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက "အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊ ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်" လို့ ပြောတော့ လူငယ်က "အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး" လို့ဆိုတယ်။

နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။

"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့တယ်မဟုတ်လား? ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီး အသင်သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့ သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။ နောက်တစ်ခုရှိသေးတယ်.... အသင်မှတ်မိရဲ့လား! မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းက အိမ်တော်တော်များများ ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။ လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့် အသင်သွားမကူညီခဲ့ဘူး။ အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊ လုယှက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။

"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊ အသင့်မြို့ကိုပါ ဂုဏ်တက်စေနိုင်ပေမယ့် အသင်လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့ မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား! အဲဒီကောင်မလေးက အသင့်ကို အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။ သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။ ဖွင့်ပြောရင်လည်း အသင်ကို သူချစ်လာနိုင်မှာမဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။ အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ် အသင်ဖြတ်ကျော်စေခဲ့တာပဲ မဟုတ်လား!"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့ ဝန်ခံနေခဲ့တယ်။ သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။ ဘဝတစ်ခုကို ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး အသင်မှာရှိပေမယ့် အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့ လည်ပတ်နေပါတယ်။ အဲဒီအခွင့်အရေးတွေထဲမှာ အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ ပါနိုင်ပါတယ်။ ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့ ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး အခွင့်အရေးကို လက်လွတ်လိုက်တတ်ကြတယ်။

အငြင်းဆန်ခံရမှာကိုကြောက်ပြီး လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။
အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
ဆုံးရှုံးရမှာကိုကြောက်ပြီး တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။
မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။

မူရင်း-- http://share.youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Monday, March 15, 2010

မီဇိုး ၀ါးညှပ်အက ဂင်းနစ် စံချိန်တင်

Saturday, 13 March 2010 17:29

ဇာနည်မာန်

အိန္ဒိယ-မြန်မာနယ်စပ် အိန္ဒိယအရှေ့မြောက်ပြည်နယ်တခုဖြစ်သော မီဇိုရမ်ပြည်နယ်ရှိ မီဇိုးတိုင်းရင်းသားများ၏ ရိုးရာ ကောက်ရိတ်သိမ်းပွဲတွင် ကပြသည့် ၀ါးညှပ်အကအဖွဲ့ ၆၇၁ ဖွဲ့သည် ဂင်းနစ်မှတ်တမ်းတွင် ကမ္ဘာ့အကြီးဆုံး ၀ါးညှပ်အက အဖြစ် စံချိန်တင်နိုင်ခဲ့သည်။

မီဇိုရမ်ပြည်နယ် အိုက်ဇောမြို့လယ်ရှိ ၃ ကီလိုမီတာ ရှည်လျားသော လမ်းတလျှောက်တွင် မီဇိုးရိုးရာဝတ်စုံများဖြင့် အကသမား ၁၀၇၃၆ တို့က ၇ မိနစ်ကြာမြင့်သည့် ရိုးရာသီချင်းဖြင့် ယမန်နေ့ နေ့လယ်၌ ကပြခဲ့ကြပြီး ကမ္ဘာပေါ်တွင် လူအများဆုံးပါဝင်သော၊ အရှည်လျားဆုံးသော၊ အကြီးကျယ်ဆုံးသော ၀ါးညှပ်အက အဖြစ် စာရင်းဝင်နိုင်ရန် ကြိုးပမ်း ခဲ့ကြခြင်းဖြစ်သည်။

bamboo_dance

ဂင်းနစ် စံချိန်တင်သွားသည့် ၀ါးညှပ်အက ကနေသူများ (ဓာတ်ပုံ - Guinness)

၂၀၀၉ ခုနှစ်က ဂင်းနစ်စာအုပ်တွင် မှတ်တမ်းဝင်ထားသည့် ဗီယက်နမ်နိုင်ငံမှ ၀ါးညှပ်အကတွင် ကပြသူ ၇၇၀၀ သာ ပါရှိခဲ့သည်။

မီဇိုးတို့၏ ရိုးရာအက မတိမ်ကောစေရန်နှင့် ကမ္ဘာကသိစေရန်အတွက် ဤသို့လုပ်ဆောင်ရခြင်းဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ၀န်ကြီးက သတင်းထောက်များကို ပြေကြားကြောင်း အိန္ဒိယ သတင်းဌာနများတွင် ဖော်ပြထားသည်။

“ဒီလို မှတ်တမ်းဝင်သွားတော့ ကျမတို့ ဒီပွဲမှာ ပါဝင်ခွင့်ရလိုက်တာကို အရမ်းဝမ်းသာမိပါတယ်”ဟု ၀ါးညှပ်အက ကသည့် မီဇိုးအမျိုးသမီးတဦးက ဧရာဝတီသို့ပြောသည်။

အဆိုပါ အကအဖွဲ့များတွင် မီဇိုရမ်ပြည်နယ်တ၀န်းမှ ကျောင်းသားလူငယ်များ၊ မီဇိုးလူမှုအဖွဲ့အစည်းများ နှင့် မီဇိုရမ် ပြည်နယ်တွင်း ရောက်ရှိနေသော မြန်မာလူမျိုးတချို့တို့လည်း တပျော်တပါး ပါဝင်ကပြကြသည်ဟု ဒေသခံများကဆိုသည်။

မီဇိုးဘာသာဖြင့် Cheraw ခေါ်သော ၀ါးညှပ်အကမှာ Chapchar Kut ခေါ် ကောက်ရိတ်သိမ်းခြင်းအထိမ်းအမှတ်နှင့် ဆောင်းရာသီကုန်ဆုံးခြင်း အထိမ်းအမှတ် ရိုးရာပွဲတော်တွင် ရိုးရာတူရိယာများဖြစ်သည့် မောင်း၊ လင်းကွင်း၊ နွားနောက် ဦးချို စသည်တို့ဖြင့် တီးမှုတ်၍ခမ်းနားစွာ ကပြလေ့ရှိသည့် ရိုးရာ အကတခုဖြစ်သည်။

ဝါးညှပ်အက ဆိုသည်မှာ အကွာအဝေးတူညီစွာ လေးကွက်ကျ စီတန်းချထားသော ၀ါးလုံးရှည်များကို စည်းချက်ကျကျ ၀ါးတလုံးနှင့်တလုံးရိုက်ခတ်သည့်ကြားတွင် ကပြသူများက အလှည့်ကျ ၀င်ထွက်ကပြရသော အကတမျိုးဖြစ်သည်။

အဆိုပါ ၀ါးညှပ်အကကို အရှေ့တောင်အာရှနိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုးနီးရှား၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင်လည်း ကွဲပြားသည့် ကပြပုံမျိုးဖြင့် မြင်တွေ့နိုင်သည်။

မြန်မာနိုင်ငံတွင်မူ ကရင်တိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားတို့၏ ရိုးရာအကအဖြစ် တွေ့မြင်နိုင်သည်။

ချင်းပြည်နယ်နှင့် ထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ရက်ကန်းနှင့် ကုန်သွယ်မှုများ လုပ်ကိုင်နေသော မြန်မာလူမျိုး တို့ သည်လည်း ထို ကပွဲသို့ သွားရောက်ကြည့်ရှုခဲ့ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုများကို ကမ္ဘာသိရန် ပြုလုပ်ခွင့်ရချင်သည်ဟု ဆိုကြသည်။

“သီချင်းသံနဲ့ ၀ါးရိုက်သံတွေကြားက စည်းချက်ကျကျ က နေတာကို ကြည့်ရတာ သိပ်လှတယ်။ အိုက်ဇောတမြို့လုံး တီဗီအကြီးကြီးတွေနဲ့ အဲ့ဒီ အကကို ပြနေတယ်။ ပြည်နယ်လူကြီးတွေကလည်း ဒီအတွက် အားပေးတာတွေက အားကျ စရာပဲ”ဟု မြန်မာပြည်သား ကိုထွေးက ပြောပြသည်။

သူကဆက်၍ “ကျနော်တို့နိုင်ငံမှာလည်း ဒီလိုလှတဲ့ ရိုးရာတွေ အများကြီးရှိတယ်။ သူတို့တွေ ရိုးရာယဉ်ကျေးမှုမပျောက် အောင်၊ ကိုယ့်ရိုးရာကို ကမ္ဘာက သိအောင်လုပ်တာမျိုး ကျနော်တို့တိုင်းပြည်ကလည်း အတုယူစေချင်တယ်။ လုပ်သင့် တယ်လို့ထင်တယ်။ အဲ့ဒီလိုမျိုး ကျနော်တို့လည်း ကိုယ့်မြန်မာ့ရိုးရာတွေ၊ အကတွေကို ကမ္ဘာကသိအောင်လုပ်စေချင်တယ်” ဟု ပြောဆိုသွားသည်။